လွတ်မြောက်တဲ့ အနုပညာ
ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ
မိုးမခ၊ စက်တင်ဘာ ၁၄၊ ၂၀၁၁
လွန်ခဲ့တဲ့ ရက်သတ္တပတ်က အင်္ဂလန်မှာ ခေတ္တနေထိုင်သူ ပန်းချီထိန်လင်း မိသားစုခရီးစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်တယ်။ တော်လှန်ရေးမိတ်ဆွေများ၊ စာပေအနုပညာမိတ်ဆွေများ ရှိရာ ဖို့ဝိန်းမြို့မှာ မိတ်ဆုံစကားပြောဆိုကြတယ်လို့ ဆိုတယ်။ သူတို့ရဲ့ နောက်ဆုံး လမ်းတထောက်က ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့အနီး …။ မိုးမခက ပန်းချီထိန်လင်းနဲ့ တွေ့ဆုံဖို့ ကြိုးစားပေးမယ့် အစဉ်မပြေတာကြောင့် ဖုံးဆက်ပြီးတော့ စကားလက်ဆုံ ပြောမကုန်လုပ်ခဲ့ရတယ်။ သူနဲ့ ပြောခဲ့တဲ့ စကားဝိုင်းတွေထဲက ပထမဆုံး ပြောဖြစ်တာက အချုပ်အနှောင် အတားအဆီးတွေကြားထဲက အနုပညာရှင်တဦးအဖြစ် ရပ်တည်ခဲ့သူ ယခု ပြင်ပမှာ အချုပ်အနှောင်မဲ့ အတားအဆီးမဲ့ အနုပညာတွေ ဖန်တီးနေသူတဦးဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းက စတယ်။ အဲသည်မှာ စကားတွေ ပြောဖြစ်တယ်။
ပြောပါဦး၊ ခင်ဗျား ဖို့ဝိန်းမှာ ဘယ်သူတွေနဲ့ တွေ့ပြီး၊ ဘာတွေ ပြောဖြစ်သလဲ။
အများကြီးနဲ့တော့ မဟုတ်ပါဘူး။ စာပေမိတ်ဆွေတွေထဲက ကိုအောင်ဝေး၊ မခက်မာ၊ အန်တီ မာမာအေး၊ သစ်ကောင်းအိမ် စတဲ့ အနုပညာရှင်တွေနဲ့ တွေ့တယ်။ တောထဲ ထောင်ထဲက မိတ်ဆွေတွေနဲ့ ပြန်တွေ့တယ်။ အေဘီ အနောက်ဖက်က မိတ်ဆွေတွေ …။
အေဘီအက်စ်ဒီအက်ဖ် အနောက်ဖက်က ဆိုတာက ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အခြားနံမယ်တခုနဲ့ အိန္ဒိယနယ်စပ်မှာ ဖွဲ့ခဲ့ကြတဲ့ ကျောင်းသားလက်နက်ကိုင်တပ်ဦးကို ပြောတာမဟုတ်လား။ Gorilla ဆိုတဲ့ နံမယ်ကို သုံးခဲ့တယ်လေ။ ပြီးတော့ ပန်းချီစစ်ငြိမ်းအေး ဆွဲပေးတဲ့ ဒေါင်းနဲ့ အလံတွေ၊ တံဆိပ်တွေ သုံးခဲ့တယ် မဟုတ်လား။
ဟုတ်တယ်။ အဲသည်ကင့်မှာ နေခဲ့တုန်းက တွေ့ခဲ့တဲ့ အခုအေဘီက ကိုသံခဲနဲ့လည်း ကျနော် ဖို့ဝိန်းမှာ ပြန်ဆုံကြတယ်။ နောက်ပြီးတော့ အခုဖို့ဝိန်းက ကျောင်းက ဆရာတော်ကလည်း မိတ်ဆွေဟောင်း၊ ရဲဘော်ဟောင်းတွေပဲလေ။
အဲသည်တော့ မိတ်ဆွေဟောင်း၊ ရဲဘော်ဟောင်းတွေ ပြန်လည် ဆုံတွေ့တဲ့ စကားဝိုင်းဖြစ်ခဲ့တာပေါ့။
ဟုတ်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ချာတိတ်တွေ အခုပြန်ဆုံကြတယ်။ အနုပညာရှင်ဖြစ်တဲ့သူက ဖြစ်နေပြီ၊ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဖြတ်သန်းခဲ့သူတွေ ဖြစ်နေပြီ။ ဘ၀တွေ ဖြတ်သန်းမှုတွေ စုံသူတွေအဖြစ် ပြန်တွေ့ကြရတယ်။ ကျနော်က အိန္ဒိယနယ်စပ် စခန်းထဲမှာ ကိုစစ်ငြိမ်းအေးနဲ့ ဆုံတွေ့ခဲ့ရလို့ အခုလို ပန်းချီ အနုပညာရှင် ဖြစ်လာတာပါ။
အနုပညာရှင်ဆိုတာ ဘယ်လိုဖြစ်လာရတာတုံး။ ပျော်ရင်း ပါးရင်း ဖြစ်လာတာလား၊ မိတ်ဆွေတွေနဲ့ ရူးသွပ် မျောပါရင်း ဖြစ်လာတာလား။
ကျနော်ကတော့ အခက်အခဲတွေ၊ နှိပ်စက်ညှင်းပန်းခံရမှုတွေ၊ သေဘေးနဲ့ နီးနီးကပ်ကပ် တွေ့ကြုံ ခံစားပြီးတော့ အနုပညာရှင်ဆိုတာ ဖြစ်လာတာလို့ ပြောချင်တယ်။ ကျနော့်ရဲ့ အတွေ့အကြုံတွေက ကျနော့်ကို အနုပညာသည်အဖြစ် တွန်းပို့လိုက်တယ်။ အဲသည်အနုပညာသည် ဖြစ်နေမှုက အင်အားတွေ ဖြစ်ထွန်းပြီး အဲသည်အင်အားတွေက ကျနော့်ကို ရုန်းကန်ရှင်သန်ကျန်ရစ်အောင် ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။
ခင်ဗျားပြောချင်တာက ခင်ဗျားခံစားခဲ့ရတဲ့ ပုဂ္ဂလိကဒုက္ခတွေနဲ့ ခင်ဗျားဘေးပတ်ဝန်းကျင်က ဒုက္ခရောက်နေသူ ကျဉ်းကျဉ်းလေးကို ပြောတာလား၊ အဲသည် ဒုက္ခတွေကို လိုက်လံခံစားပေးသူ လက်တဆုပ်စာ ပရိသတ်ကွက်ကွက်လေးကို ပြောနေတာလား။
ဟုတ်တယ်။ ကျနော်က အဲလိုပြောချင်တယ်။ ကျနော် အဲသလို ဖို့ဝိန်းက ကိုယ့်မိတ်ဆွေတွေ၊ ရဲဘော်တွေရှေ့မှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ ကျနော်တို့က ကျဉ်းမြောင်းတဲ့ အကြောင်းအရာတွေကို လုပ်နေတဲ့ ကျဉ်းမြောင်းတဲ့ အနုပညာတွေပဲလို့ ပြောရင် ရပါတယ်လို့ ကျနော်က ပြောခဲ့တယ်။
(၂၀၀၅ ခုနှစ်က ထိန်လင်းရဲ့ တင်ဆက်မှု။ ၈၈ မျိုးဆက် ကိုကိုကြီး ၊ မျိုးရန်နောင်သိန်းတို့က ပရိသတ်)
ခင်ဗျားက တဆိတ်ရှိ အကျဉ်းသားဇာတ်ပဲ ခင်းခင်း ပြနေတာကို ပြောတာနဲ့ တူတယ်။
ဟုတ်တယ်။ ကျနော်က နိုင်ငံရေးအကျဉ်းသား အကြောင်းအရာကိုပဲ လုပ်နေတဲ့ ကျဉ်းမြောင်းတဲ့ အနုပညာရှိတဲ့သူလို့ ပြောချင် ပြောလို့ ရတယ်။ ကျဉ်းမြောင်းတဲ့ အနုပညာမှာ ကျယ်ပြန့်တဲ့ မိုးကုတ်စက်ဝိုင်းဆိုတာ ရှိပါတယ်။
ပြောပါဦး။
ကျနော်က နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်။ အကျဉ်းသားတောင်မှ ၂ မျိုး ဖြစ်ခဲ့ရတယ်။ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ကျနော့်ကို အစိုးရသူလျိုဆိုပြီး ဖမ်းဆီးခြင်း ခံရတဲ့ အကျဉ်းသားလည်း ဖြစ်ခဲ့သလို၊ တောထဲက မြို့ထဲ ပြန်ရောက်လာတော့လည်း အစိုးရက နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထောင်ချခြင်းကိုလည်း ခံခဲ့ရတယ်။ ကျနော် အေဘီမြောက်ပိုင်းမှာ သူများတွေကို နှိပ်စက်ညှင်းပန်းနေတာကို မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရသလို၊ ကျနော်ကိုယ်တိုင်လည်း ညှင်းပန်းနှိပ်စက်ခြင်းကို ခံစားခဲ့ရတယ်။ တနှစ်နီးပါးလောက် စခန်းထဲက အချူပ်ထဲမှာ ဒေါက်တွေ၊ တုံးတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။
အဲသည်မှာ ခင်ဗျားက ဘာတွေ လုပ်သလဲ။
ကျနော်က လူရွှင်တော်လုပ်ခဲ့တာဆိုတော့ ဘ၀တူ သူလျိုဆိုပြီး ဖမ်းဆီး နှိပ်စက်ခံရသူတွေကို ပျော်ရွှင်သွားအောင်၊ သူတို့လက်ရှိ သေလုမြောပါးခံစားနေရတဲ့ ဒုက္ခတွေ၊ ဝေဒနာတွေက သက်သာအောင် သီချင်းတွေ ဆိုပြတယ်။ ဓနုဖြူစိုးသိမ်းသီချင်းတွေပေါ့ဗျာ။ ဓာတ်ဆီ၊ ဓာတ်ဆံပြက်လုံးတွေ ထုတ်ပြတယ်။ ကျနော် ဖျော်ဖြေနေတာပဲ။ ကျနော်တို့က တော်လှန်ရေးသီချင်းတွေ ဆိုလို့မရဘူး။ ဆိုရင် ကျနော်တို့ကို ဖမ်းဆီးထားသူတွေက အစိုးရသူလျိုတွေက ရာရာစစ တော်လှန်ရေးသီချင်းဆိုရသလားဆိုပြီး ရိုက်သတ်တယ်။ ကျနော်ဟာ သေဘေးကို ကြုံရတယ်။ အကြောက်တရားကို ကြုံတွေ့ရတယ်။ သေမှာကြောက်တဲ့ စိတ်ဟာ ဘယ်လောက် ကြီးမားတယ်ဆိုတာကို နေ့စဉ် မျိုးစုံ ရင်ဆိုင်ခံစားခဲ့ရတယ်လေ။ ကျနော်က အဲသည်မှာ ကိုယ်တိုင်လည်း သက်သာရာ သက်သာကြောင်း၊ ကျနော်နဲ့ ထပ်တူ ဒုက္ခခံနေရသူ သေဘေးကို ရင်ဆိုင်နေရသူ ကိုယ့်ရဲဘော်တွေကို အနုပညာတွေ လုပ်ပြီး ဖျော်ဖြေတာပဲ။
ခင်ဗျားက ခင်ဗျားကို ဖမ်းထားတဲ့ နှိပ်စက်သူတွေကိုလည်း ဖျော်ဖြေခဲ့ရတယ်လို့ ကြားတယ်။
ဟုတ်တယ်။ သူတို့ကလည်း ကျနော့်ကို စိတ်ပြေလက်ပျောက် လာပြီး နှိပ်စက်တာတွေ ရှိတယ်။ မင်းက ကက်ဆက်လုပ်ကွာ။ ဘယ်ဘက်ပါးကို ရိုက်ရင် သီချင်းဆို၊ ညာဖက်ပါးကို ရိုက်ရင် ဆိုနေတာကို ရပ်ဆိုပြီး ကျနော့်ကို နှိပ်စက်တာပဲ။ ကျနော်ကတော့ အဲသည်လို လုပ်ခွင့်ရနေတာကိုက အသက်ရှင်ခွင့်ကို တစက်ချင်း တစက်ချင်း ရနေသလိုမျိုး ကျနော် ရှင်သန်နေခဲ့ရတယ်။
အဲဒါက ခင်ဗျားရဲ့ ကျဉ်းမြောင်းတဲ့ အနုပညာပဲပေါ့။ ခင်ဗျားဖျော်ဖြေခွင့်ရတဲ့သူက ဘယ်လောက်များမှာ မို့လဲ။
ကျနော့်လို ဖမ်းဆီးခံထားရသူတွေ ကျောင်းသား လူငယ်တွေ အယောက် ၈၀ ကျော် လောက်ရှိမယ်။ ကျနော်တို့ကို ဖမ်းဆီးနှိပ်စက်နေသူတွေက ၅ ယောက်လောက်ရှိမယ်။ ကျနော်က အဲသည် လက်တဆုတ်စာ လူတွေကို ကျနော်တတ်နိုင်တဲ့ အနုပညာနဲ့ ဖျော်ဖြေခဲ့တယ်။ ကျနော်နဲ့အတူ အကျဉ်းကျ နှိပ်စက်ညှင်းပန်းခြင်းခံနေရသူတွေဟာ အစိုးရသူလျိုတွေ မဟုတ်ဘူး။ သူတို့တတွေဟာ ညှင်းပန်းနှိပ်စက်မှုတွေ ပြင်းထန်ဆိုးဝါးလွန်းလို့ ကယောင်ကတန်းဖြစ်တာတွေ ရှိပေမယ့် နောက်ဆုံးထွက်သက်အထိ တော်လှန်ရေးကို သစ္စာရှိသွားသူတွေဖြစ်တယ်။ အဲသည်လူ လက်တဆုပ်စာအတွက် ကျနော်ရဲ့ အနုပညာဟာ ကျဉ်းမြောင်းတယ်။ ဒါပေမယ့် ကျနော် အဲသည်တုန်းက ကျနော့်ဘ၀နဲ့ အသက်နဲ့ ရင်းပြီး တင်ဆက်ရတဲ့ အနုပညာကို ကျနော်တန်ဖိုး ထားတယ်။ သူတို့တွေကလည်း သူတို့အသက်တွေ၊ ဘ၀တွေနဲ့အမျှ တန်ဖိုးထားပြီး ခံယူသွားခဲ့ကြတယ်။
အဲသည်က ခင်ဗျားပရိသတ်က အခု ဘယ်လောက် ကျန်ရစ်သလဲ။ အကုန်သေပြီလား။
အခုတော့ လူ ၃၀ လောက်တော့ ကျန်ရစ်မယ် ထင်တယ်။ ကျနော်တို့ ထွက်ပြေး လွတ်မြောက်လာတယ်ပေါ့ဗျာ။
ဟုတ်တယ်။ ကျနော့်သူငယ်ချင်းတွေ ရဲဘော်တွေထဲက ၂ ဦး ရှိတယ်။ တဦးက သာယာဝတီဘက်က လူ့ဘောင်သစ်ပါတီင်္က ကိုအောင်ကျော်ဦး၊ သူလည်းပဲ အစိုးရသူလျိုဆိုပြီး မြောက်ပိုင်းမှာ အဖမ်းခံရတယ်၊ နှိပ်စက်ခံရတယ်။ ပြန်လွတ်လာတယ် ပြောတယ်။ နောက်တယောက်က မန္တလေးက ကျောင်းသားပါတီတခုက အာရ်အိုင်တီက ကိုစိုးလင်း၊ သူက အေဘီအောက်ပိုင်းမှာ အဖမ်းခံရတယ်။ ခင်ဗျားတို့လိုပဲ သူလျိုဆိုပြီး အဖမ်းခံရ၊ အနှိပ်စက်ခံရတာပဲ။ သူလည်း လွတ်မြောက်လာတယ် ပြောပါတယ်။ အဲသည်အကြောင်းတွေ ကျနော်တို့ နောက်ထပ်ပြောကြဦးမယ်လေ။
ဟုတ်တယ်၊ ကျနော် ကိုစိုးလင်းကို သိတယ်။ အခု ကျနော်ပြောနေတာက ကျဉ်းမြောင်းတဲ့ ပရိသတ်အတွက် ကျဉ်းမြောင်းတဲ့ အနုပညာ။ ဒါဟာ သေသွားတဲ့သူတွေ ကျဆုံးသွားတဲ့သူတွေအတွက်ကော၊ ရှင်သန်ကျန်ရစ်သူတွေအတွက်ကော အဲသည်ဘ၀မှာ ကျယ်ပြန့် မိုးကုတ်စက်ဝိုင်းကို ပေးဆပ်ခွင့်၊ သုံးဆောင်ခွင့်ရခဲ့တာပဲ လို့ ကျနော်က ပြောချင်တယ်။
နောက်ပြီး ခင်ဗျား လွတ်မြောက်လာပြီးတော့ အစိုးရထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းရပြန်တာပဲ မဟုတ်လား။ ခင်ဗျားမှာ ကျဉ်းမြောင်းတဲ့ အနုပညာတွေ၊ ကျဉ်းမြောင်းတဲ့ ပရိသတ်တွေနဲ့ ပြန်ကြုံရပြန်တာပေါ့ မဟုတ်ဘူးလား။
အင်း ။ ခင်ဗျားပြောသလိုပဲ ပြောရမှာပေါ့။ မြန်မာပြည်တွင်းက စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာလည်း ကျနော် အနုပညာတွေ ဆက်ဖန်တီးနေတာပဲ။ အနုပညာကို ခံစားတဲ့ ပရိသတ်တွေကို တင်ဆက်နေခဲ့တာပဲ။ အကျဉ်းထောင်တွေမှာ ရှိတဲ့ပစ္စည်းတွေနဲ့ အနုပညာကို ဖန်တီးရတယ်။ သွားတိုက်ဆေးတွေကို နံရံမှာ ကပ်တယ်၊ ရေးတယ်၊ မျိုးစုံပဲ။ ကျနော့်ပတ်ဝန်းကျင်က မိတ်ဆွေအကျဉ်းသားတွေကို ပြတယ်။ သူတို့တွေက အကျဉ်းအကြပ်တွေထဲမှာ ခဲခဲယဉ်းယဉ်း ဖန်တီးထားတဲ့ အနုပညာတွေကို တန်ဖိုးထားပြီး အားပေးတယ်။ သူတို့တွေက ကျနော်လုပ်တဲ့ ပန်းချီပြခန်းကို အကျဉ်းခန်းကူးပြီး လာကြည့်တဲ့ဆီမှာ ကိုယ်လက်သန့်စင်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားပြီး အပြင်လောကက ပန်းချီခန်းကို လာကြည့်သလို လာကြည့်ကြတယ်။ အချင်းချင်း အားပေးတယ်။ သည်လိုမျိုး ကျဉ်းမြောင်းပါတယ်။
(ရွှေဝါရောင် ၂၀၀၇ အထိမ်းအမှတ် ထိန်လင်း တင်ဆက်မှုများ)
ဆိုတော့ ခုချိန်အထိ ခင်ဗျားအတွက်နဲ့ ခင်ဗျားပရိသတ်အတွက် အဲသည်အနုပညာတွေဟာ တန်ဖိုးတွေ၊ အမှတ်တရတွေ ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်ပေါ့။
ဟုတ်ပါတယ်။ အဲသည် အနုပညာ၊ အဲသည်အနုပညာရှင်နဲ့ အဲသည်အနုပညာပရိသတ်ဟာ တဦးကို တဦး အမှတ်တရဖြစ်ကျန်ရစ်တယ်။ မမေ့တော့ဘူး။ အကန့်အသတ် အကျဉ်းကျနေတဲ့ နေရာဖြစ်ပေမယ့်၊ ကျဉ်းမြောင်းတဲ့ ပရိသတ်တွေဖြစ်နေပေမယ့်၊ အကန့်အသတ်ကြားထဲက ဖန်တီးရတဲ့ အနုပညာလက်ရာဖြစ်နေပေမယ့် အဲဒါတွေအားလုံးဟာ ထာဝရတခုလုံး ရှင်သန်ကျန်ရစ်တယ် လို့ ကျနော်ပြောချင်တယ်။ ကျနော် တန်ဖိုးထားတယ်။ သူတို့တွေကလည်း တန်ဖိုးထားတယ်။ အဲသည်အချိန်အခါ အဲသည်အခြေအနေမှာ ပရိသတ်အတွက် အဆာလောင်ဆုံးအချိန်မှာ ခူးခပ်ကျွေးမွေးလိုက်ရတဲ့ အနုပညာအဟာရဖြစ်တဲ့အတွက် ကျနော့်အတွက်လည်း ကြီးကျယ်ခမ်းနားတဲ့ ပီတိပဲ။ ကုသိုလ်စိတ်တခုပဲလို့ ပြောချင်ပါတယ်။
ခင်ဗျား အခုလည်း အဲသည်လို အကျဉ်းသားတဦးရဲ့ ခံစားချက်တွေနဲ့ အခုအပြင်လောကမှာ အနုပညာတွေ တင်ဆက်နေရပြီပဲလေ။ အခုဆိုရင် ခင်ဗျားစိတ်တိုင်းကျ ပစ္စည်းတွေ၊ အတားအဆီး အချူပ်အနှောင်မဲ့တဲ့ လွတ်လပ်မှုတွေနဲ့ အနုပညာတွေ ဖန်တီးခွင့်ရပြီ မဟုတ်ဘူးလား။ ပြောစမ်းပါဦး။
အကျဉ်းကျနေတဲ့ အနုပညာတွေဟာ အဲသည်က လွတ်မြောက်နေတဲ့ အနုပညာတွေ ဖြစ်ခဲ့တယ်။ အဲသည်လို ကျနော်တို့ ခံစားပြီး ကိုယ်တိုင်လည်း လွတ်မြောက်ကြရတယ်။ ဒါပေမယ့် အပြင်မှာ အဲသည်လိုမျိုး ဖန်တီးကြည့်တဲ့အခါ ခေါင်းစဉ်ပဲ ကျန်ရစ်တယ်။ ကျနော်ဟာ လွတ်လပ်တယ်ဆိုပေမယ့် ကျနော်ဟာ တကယ်အစစ်အမှန် ပရိသတ်တွေထံက လွတ်နေသူတဦး၊ လစ်ဟာနေသူတဦးဖြစ်နေတယ်။ ပွင့်နေတဲ့ ဟင်းလင်းပြင်မှာ ကျနော်တို့ဟာ လွတ်မြောက်ခြင်းကို မတွေ့ကြပါဘူး။ အခု ကျနော်က ပန်းချီခန်းတခုမှာ အနုပညာတွေကို ခင်းကျင်းပြသမယ်။ ပရိသတ်က ၇ ထောင်လောက် လာကြည့်ကြမယ်။ ဒါတွေဟာ ပရိသတ်ကို ကျနော်ကို်ယ်တိုင်ကို အနုပညာကိုယ်တိုင်ကို လွတ်မြောက်စေတဲ့ အရာမဟုတ်ဘူးလို့ ကျနော် ခံစားရတယ်။ တကယ်တမ်းကျတော့ ပွင့်နေတဲ့ ဟင်းလင်းပြင်လောကကြီးထဲမှာ ကျနော်တို့ကိုယ်တိုင်က ရုပ်ဝတ္ထုလောကကြီးရဲ့ ချူပ်နှောင်မှုတွေအောက်က လွတ်မြောက်နိုင်ခြင်း မရှိဘူးလို့ ဖြစ်နေတယ်။
ခင်ဗျားက အခုချိန်မှာ လောကကြီးထဲမှာပဲ ပြန်ပြီး အကျဉ်းကျနေပြီပေါ့။ မလွတ်မြောက်ဘူးပေါ့။ အခုချိန်မှာ ခင်ဗျားအတွက် လွတ်မြောက်တဲ့ အနုပညာတွေကို ဘယ်မှာ ပြန်ရှာပြီး ခံစားမလဲ။ ပရိသတ်တယောက်၊ အနုပညာရှင်တယောက်အနေနဲ့ ဖြေစမ်းပါဦး။
မင်းကိုနိုင်ရဲ့ သီချင်းတွေ၊ ဂျင်မီရဲ့ ပန်းချီကားကလေး၊ ကိုဝင်းမော်တို့၊ အကျဉ်းကျနေသူ ကဗျာဆရာတွေ၊ အနုပညာရှင်တွေ ရင်ထဲက ပွင့်အန်ထွက်ကျနေတဲ့ ကဗျာတွေ၊ စာတွေ ဒါတွေဟာ အကျဉ်းကျနေပေမယ့် လွတ်မြောက်နေတဲ့ အနုပညာတွေပါ။ အဲဒါတွေကို ကျနော် ပြောချင်ပါတယ်။ ပြီင်္းတော့ ဆရာဦးဝင်းတင်ကို ကြည့်လိုက်စမ်းပါဗျာ။ အကျဉ်းထောင်ထဲက လွှတ်ပေးလိုက်ပေမယ့် မြန်မာပြည်ကြီးနဲ့အတူ၊ ပြည်သူတွေနဲ့အတူ၊ အကျဉ်းသားတွေနဲ့အတူ သူဟာ ခုထိ မလွတ်မြောက်သေးဘူး၊ အကျဉ်းကျနေသေးတယ်ဆိုပြီး ထောင်အကျီအပြာကြီး ၀တ်ပြီး သွားလာ လှုပ်ရှားနေတယ်။ ဘ၀ထဲက အနုပညာပါ။ ဒါဟာ ဘ၀ထဲမှာကို လွတ်မြောက်နေတဲ့ အနုပညာတွေပါလို့ ပြောချင်ပါတယ်။
အေးဗျာ။ ကျနော်တို့ကျတော့ မြန်မာပြည်အဝေးမှာ ၀က်ဆိုက်တွေ၊ အင်တာနက်တွေမှာ သတင်းတွေ၊ စာမူတွေနဲ့ တင်ဆက်နေရတဲ့ အဖြစ်ပါ။ မြန်မာပြည်သူတွေအားလုံးဆီကို မရောက်ဘူး၊ အကျဉ်းကျနေတဲ့ ရဲဘော်တွေဆီ မရောက်ဘူး၊ တောထဲ တောင်ထဲ ပြေးလွှားနေရတဲ့ ပြည်သူတွေကို အမောမဖြေပေးနိုင်ဘူး။ ကျနော်တို့ကိုယ်တိုင်ကလည်း အပြင်လောကထဲမှာ တကယ်ကို ကျဉ်းမြောင်းတဲ့ ပရိသတ်နဲ့ ကျဉ်းမြောင်းတဲ့ အနုပညာတွေ တင်ဆက်နေရသလို ခံစားရတယ်။ ခင်ဗျားပြောတဲ့ ကျဉ်းမြောင်းမှုနဲ့တော့ ဆန့်ကျင်ဖက်ပဲ။ အဲဒါကို ခင်ဗျား ဘာပြောချင်သလဲ။
ကျနော် ခင်ဗျားတို့ မိုးမခကို ဖတ်ပါတယ်။ အားပေးပါတယ်။ ကျနော်ပြောချင်တာကတော့ အပြင်လောကကြီးထဲမှာ လွတ်လွတ်လပ်လပ်ရှင်သန်နေတဲ့ကြားထဲက ရူးသွပ်ပါ။ အဲသည် လွတ်မြောက်မှုအတွက် ရူးသွပ်မှုဟာ များစွာသော ပရိသတ်အတွက် ဖြစ်ချင်မှ ဖြစ်မယ်။ အဲသည် ရူးသွပ်မှုကို ခံစားနိုင်တဲ့ ပရိသတ်ကျဉ်းကျဉ်းလေးအတွက်လည်း ဖြစ်နိုင်ပါတယ်။ ကျနော့်မိတ်ဆွေတွေ ရဲဘော်ဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံတဲ့အခါမှာ ကျနော် ဒါကိုပဲ ပြောပါတယ်။ ကျနော်တို့ ခုချိန်မှာလည်း လောကကြီးထဲမှာ အကျဉ်းကျနေတာပဲ။ အဲသည်ကပြီးတော့ လွတ်မြောက်တဲ့ အနုပညာတွေကို ကျနော်တို့ ဖန်တီး ပေးဆပ်ကြရမှာ ဖြစ်တယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်။
(ဓာတ်ပုံတွေက ပန်းချီထိန်လင်းဖေ့စ်ဘွတ်က ယူသုံးတယ်)
You might also like:
No comments:
Post a Comment