Sunday, July 10, 2011

ပြည်သူ့ ဘက်ကရပ်မှ ပြည်သူ့ ခေတ်ကိုရောက်မှာပါ

လူထုစိန်ဝင်း
ကျင့်ဝတ်ပိုင်း ဆိုင်ရာများကို ဦးစားပေး ရေးလွန်းတာနဲ့ ပတ်သတ်ပြီး စောဒက တက်သူတချို့ တွေ့ဖူးတယ်။ ခေတ်တွေ ပြောင်းတာနဲ့ အတူ ကျင့်ဝတ် စံနှုန်းတွေလည်း လိုက်ပါ ပြောင်းလဲမှ ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်တော့မှာ ပေါ့လို့ ပြောသူလည်း ရှိတယ်။
တရားဟော ဆရာလိုပဲ

နေရာတိုင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ စာရိတ္တ စံနှုန်းနဲ့ လိုက်တိုင်း နေလို့တော့ ဘယ်ဖြစ်မှာလဲလို့ ပြောသူရှိသလို၊ လူတိုင်းကို ဂျာနယ်ကျော် ဦးချစ်မောင် စိတ်ထားမျိုး ထားဖို့ချည်း ပြောနေရင် စာနယ်ဇင်း အလုပ် လုပ်မည့် သူတောင် ရှိမှာ မဟုတ်တော့ဘူး လို့ ပြောသူလည်း ရှိတယ်။ ပညာတတ် အမေရိကန် တစ်ယောက်ကတော့ “ခင်ဗျားက တရားဟောဆရာ တစ်ယောက်လို သီလဖြူစင်ဖို့ချည်း ဟောနေတဲ့သူ တစ်ယောက်
(Moralist) ဖြစ်နေပြီ” လို့ ကောက်ချက် ချသွားဖူးတယ်။ သူကိုယ်တိုင်က အမေရိကန်တက္ကသိုလ် တစ်ခုမှာ သတင်းစာပညာ သင်ကြားပို့ချတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။

လူ့နှုန်းစံတွေ ထိန်းဖို့

ဒီခေတ်ကြီးမှာက ဘယ်နယ်ပယ်ကို ကြည့်လိုက်ကြည့်လိုက် ကျင့်ဝတ် ဖောက်ဖျက် ကျူးလွန်မှုတွေ အလွန်အမင်း ဆိုးဝါးချင်တိုင်း ဆိုးဝါးနေတာကို မြင်တွေ့ နေရတဲ့အတွက် လူအဖြစ် သတ်မှတ်ချက် နှုန်းစံတွေကို ထိန်းနိုင် သလောက် ထိန်းကြစေဖို့ ရည်ရွယ်ပြီး ရေးနေရတာ ဖြစ်တယ်။ မိတ်ဆွေ အမေရိကန် ကျောင်းဆရာ ပြောသလို “သီလသမား” တော့ မဟုတ်ပါဘူး။ သမ္မတရေဂင်ကို စာသင်ကျောင်းတွေမှာ ဓမ္မကျမ်းစာတွေ ပြန်လည်သင်ကြားဖို့ ဆော်သြခဲ့တာကြောင့် လူတွေက Moralist သီလသမားလို့ ကင်ပွန်းတပ် ခဲ့ကြတယ်။ ဘာမှမဆိုင်ပါဘူး။ ရေဂင်ဟာ ကွန်ဂရက် လွှတ်တော်ကို လိမ်ခဲ့၊ အမေရိကန်ပြည်သူ တွေကို ညာခဲ့တဲ့ “အီရန်ဂိတ်” အရှုပ်တော်ပုံကြောင့် ရာထူးက ဖြုတ်ချခံရလုဆဲ ဖြစ်ခဲ့တဲ့ လူလိမ်ကြီး တစ်ယောက် ဖြစ်ပါတယ်။ လေးစားစရာ ဘာတစ်ခုမှ မရှိပါဘူး။

လူကြီးလူကောင်းမဟုတ်

ရေဂင်လို သီလသမား အမည်ခံမျိုးကို မလေးစားသလို အရက်သေစာ ရှောင်ကြဉ်ရေးတို့၊ တိရစ္ဆာန်အသား မစားရေးတို့၊ လှုံ့ဆော် ဟောကြားနေသူတိုင်း ကိုလည်း လူကြီးလူကောင်းလို့ သဘောမထားပါဘူး။ ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်းသူများကိုသာ လူကောင်းလို့ သဘောထားပါတယ်။ အမေရိကန်သမ္မတ ရာထူးကို လက်ခံဖို့အတွက် ကျင့်ဝတ်နဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို လိုက်နာစောင့်ထိန်း ပါမယ်လို့ ကျမ်းသစ္စာကို ကျိန်ဆိုရပါတယ်။ ဒီကျမ်းသစ္စာကို ချိုးဖောက်တာနဲ့ တစ်ပြိုက်နက် အဲဒီပုဂ္ဂိုလ်ဟာ ကျမ်းစူးသွားပါပြီ။ သမ္မတဖြစ်ဖို့ မထိုက်တန်တော့ပါဘူး။ ရေဂင်တို့၊ ကလင်တန်တို့ ဟာ အဲဒီလို သမ္မတမျိုးတွေပါ။

ဝိနည်းနဲ့ ညီမှ ရဟန်း

ဒီခေတ် ဒီအခါကြီးမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စံ၊ ဂျာနယ်ကျော် ဦးချစ်မောင် စံ ဆိုတဲ့ စံနှုန်းမျိုးတွေနဲ့ နေရာတကာ လိုက်တိုင်းတာလို့ မဖြစ်ဘူး ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် သူ့နယ်ပယ်အလိုက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး ကျင့်ဝတ် စံနှုန်းတွေကိုတော့ ပစ်ပယ်လို့ မရပါဘူး။ ရဟန်းတော် တစ်ပါး အဖြစ် သတ်မှတ် ခံရဖို့ အတွက် သတ်မှတ်ထားတဲ့ ဝိနည်းတော်တွေနဲ့ ညီဖို့ လိုပါတယ်။ ချမ်းလွန်း အေးလွန်းတဲ့ ဒေသရောက်နေတဲ့ အတွက် အအေးဒဏ် ကာကွယ်ဖို့ ဆိုပြီး ဝီစကီသောက်လို့ မရပါဘူး။ ဒါဆိုရင် ဗုဒ္ဓဘာသာ ရဟန်းတော် လို့ မခေါ်နိုင် တော့ပါဘူး။

ဆရာဝန်ကောင်းဆိုတာ
ဆရာဝန် တစ်ယောက် အဖို့မှာတော့ အရက်သောက်ချင်သောက်၊ မိန်းမ နှစ်ယောက် သုံးယောက် ယူချင်ယူ၊ ဆရာဝန် ကျင့်ဝတ်နဲ့အညီ လူနာတွေ အပေါ် မေတ္တာ၊ စေတနာ၊ ကရုဏာနဲ့ ပြုစုစောင့်ရှောက်နေသမျှ ကာလပတ်လုံး သူဟာ ဆရာဝန်ကောင်း တစ်ယောက်ပါပဲ။ အရက်သောက်လို့ လူကောင်း မဟုတ်ဘူးလို့ မဆိုနိုင်သလို၊ မိန်းမနှစ်ယောက် သုံးယောက် ယူထားလို့လည်း အဲဒီ မိန်းမတွေဟာ သူ့လူနာတွေ မဟုတ်ဘူး၊ သူ့တပည့် ကျောင်းသူလေးတွေ မဟုတ်ဘူးဆိုရင် သူ့ကို လူယုတ်မာလို့ မခေါ်နိုင်ပါဘူး။ ဆရာဝန် ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းနေသမျှ ကာလပတ်လုံး သူဟာ ဆရာဝန်ကောင်း တစ်ယောက်ပါပဲ။

ဆရာဝန်ကောင်းဖြစ်ဖို့ပဲ လိုတယ်

ဆရာဝန်တစ်ယောက်ကို ဆရာဝန်ကောင်းဖြစ်ဖို့ပဲ လူတွေက လိုချင်တာပါ။ သူ အရက်သောက်တာ၊ မိန်းမများများ ယူတာတွေကို လူနာတွေက စိတ်မဝင်စား ပါဘူး။ လူနာတွေ အပေါ်မှာ ဆရာ ကျင့်ဝတ်နဲ့ အညီ ပြုမူဆက်ဆံရင် ကျေနပ် ပါတယ်။ Moralists တွေကသာ ငါးပါးသီလမြဲတဲ့ ဆရာဝန်ဖြစ်ဖို့ တောင်းဆိုကြမှာ ဖြစ်တယ်။ ကိုယ်တိုင်လည်း အရက် မသောက်ပါဘူး။ အိမ်ထောင်လည်း တစ်ခါပဲ ပြုဖူးပါတယ်။ ဒါပေမယ့် တခြားသူ တစ်ယောက်ကို အရက်သောက်ရုံ၊ မိန်းမ နှစ်ယောက် ယူရုံနဲ့ တော့ မကောင်းတဲ့ လူလို့ မသတ်မှတ်ပါဘူး။ သူ့ အလုပ်မှာသူ တာဝန်ကျေပွန်ပြီး လူ့လောကမှာလည်း လူကြီး လူကောင်း တစ်ယောက်လို ပြုမူ နေထိုင်ရင် ဘာမှ ပြောစရာမရှိပါဘူး။

စီးပွားရေး အဓိကခေတ်

ခက်တာက ခေတ်ကြီး တစ်ခုလုံးက စီးပွားရေး အဓိက ဖြစ်နေလေတော့ လူတွေ အားလုံးလိုလိုဟာလည်း ပိုက်ဆံရဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေကြ ရတယ်။ သူတော်ကောင်းဖြစ်ဖို့၊ လူကြီး လူကောင်း ဖြစ်ဖို့ဆိုတာ ထားတော့၊ သာမန် ကျင့်ဝတ် စောင့်ထိန်းသူ တစ်ယောက် ဖြစ်ဖို့တောင် သိပ်အလေးမထား ကြတော့ဘူး။ အဲဒါကြောင့် ကျင့်ဝတ် ကျင့်ဝတ်နဲ့ ခဏခဏ အော်ပေးနေရတာပါ။ Moralists တွေလို သိပ်အမြင့်ကြီး မတောင်းဆိုပါဘူး။ ဆရာဝန်က ဆရာဝန် ပီသဖို့၊ ကျောင်းဆရာ က ကျောင်းဆရာ ပီသဖို့၊ ဝန်ထမ်းက ဝန်ထမ်း ပီသဖို့၊ စစ်သားက စစ်သား ပီသဖို့၊ စာနယ်ဇင်းသမားက စာနယ်ဇင်းသမား ပီသဖို့ ဆိုတာလောက်ပဲ လိုချင်တာပါ။

စံ နှစ်မျိုး နှစ်စား

မိတ်ဆွေ အမေရိကန် သတင်းစာပညာ ပါမောက္ခကလည်း ကျင့်ဝတ် အခြေခံ လောက်တော့ ထိန်းသိမ်းမှု ရှိရမှာပေါ့လို့ လက်ခံတယ်။ ဒါပေမယ့် စံသတ်မှတ်ချက် ကျတော့ သူနဲ့ ကိုယ်နဲ့ ဘယ်လိုမှ မတူတော့ဘူး။ ဥပမာ- ဒိုင်ယာနာ မင်းသမီးကိစ္စ ဆိုပါတော့။ ကိုယ့်အမြင်က မင်းသမီးလေး သူ့အဖော်နဲ့ နိုက်ကလပ် သွားတာ၊ မြင်းပွဲသွားတာ၊ ကျွန်းကလေး တစ်ကျွန်းပေါ် အပန်းဖြေခရီး ထွက်တာမျိုး တွေကို နောက်က တကောက်ကောက်လိုက်၊ ဓာတ်ပုံ ခိုးရိုက်ပြီး လူသိရှင်ကြား ဖော်ထုတ် ရေးသားတာမျိုးက သတင်းသမား လုပ်ရပ် မဟုတ်ဘူး။ အဝါရောင် စာနယ်ဇင်းသမား လုပ်ရပ်၊ သည်းခြေခိုက် စာနယ်ဇင်း( Sensational paper) လုပ်ရပ် လို့ မြင်တယ်။ အမေရိကန် ပါမောက္ခက ဒါဟာ Sensational မဟုတ်ဘူး။ Human interest story(လူထုစိတ်ဝင်စားတဲ့ သတင်း) ဖြစ်လို့ ရေးသား ဖော်ပြ သင့်တယ်လို့ မြင်တယ်။

ဘက်လိုက်တာ လူ့သဘာဝ

နောက်ပြီး သူ ကျောင်းမှာ စာသင်တော့ သတင်းစာဆိုတာ ဘယ်တော့မှ ဘက်မလိုက်ရဘူး။ သမာသမတ် ရှိရမယ်လို့ သင်မြဲဖြစ်တယ်။ နယူးယောက်တိုင်းမ် တို့၊ ဝါရှင်တန်ပိုစ့်တို့ ဘက်မလိုက်ဘူးလား။ တိုင်းမ်တို့၊ နယူးစ်ဝိခ်တို့ရော သမာ သမတ် ရှိကြသလားလို့ မေးလိုက်တော့ သူ ဘာမှ မပြောတော့ဘူး။ ဘယ်ပြောနိုင် မှာလဲ၊ ဘက်မလိုက်တဲ့ သတင်းစာဆိုတာ ရှိမှ မရှိတာ။ လောကသား တိုင်းဟာ သူ့ပင်ကို အခံ ယုံကြည်မှုက ပေါ်ထွက်လာတဲ့ အသိနဲ့ လောကကို ရှုမြင်သုံးသပ်မြဲ ဖြစ်တယ်။ အဲဒါကြောင့် ဘက်လိုက်တယ် ဆိုတာ လူ့သဘာဝပဲ။ ဘက်မလိုက်ဘူး ဆိုတာ ရှိကို မရှိနိုင်တဲ့ အရာ ဖြစ်တယ်။

ပြည့်သူ့ဘက်သားဆိုတာ

လမ်းသွားရင်း ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က မညှာမတာ ထိုးကြိတ် ရိုက်နှက်နေတာကို တွေ့ပါလျက်နဲ့ ကိုယ်နဲ့ မဆိုင်သလို မျက်နှာလွှဲ ရှောင်ကွင်းသွားတဲ့ စိတ်ဓာတ်မျိုးကို မဆိုင်ရာ ဝင်မရှုပ်တတ်တဲ့ စိတ်လို့ ချီးကျူး ရမှာလား။ တကယ်လို့ အရိုက်ခံရတဲ့ ကလေး သေဆုံးသွားရင် ရှောင်သွားတဲ့ လူဟာ လူသတ်မှုကို မတားဆီးတဲ့ အတွက် အားပေးသူ အဖြစ် ပူးတွဲတရားခံလို့ မသတ်မှတ် သင့်ဘူးလား။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကြားမှာ နှာစေးနေတဲ့ သူဟာ တာဝန်မဲ့သူ ဖြစ်တယ်။ လူ့တာဝန် ပျက်ကွက်ပါတယ်။ ပြည်သူ့ဘက်သား ဆိုတာ ပြည်သူ့ဘက် က အမြဲရပ်တည် ပေးရမှာပါ။ ဒါမှ ပြည်သူ့ခေတ်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။


No comments: