Sunday, July 3, 2011

၈၈၈၈ … ၂၃ နှစ်

ကမာပုလဲ
Sunday, July 3, 2011 at 12:05am

၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၃ နှစ်တာ ခရီးဆိုတာ မျိုးဆက်တဆက် ကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်တယ်။ ၂၃ နှစ်တာ အချိန်ကာလနဲ့ အရေးတော်ပုံ ခရီးကြမ်းဟာ ပြည် တွင်း မြေပေါ် နဲ့ မြေအောက်(ယူဂျီ) ဘ၀တွေရော၊ လွတ်မြောက် နယ်မြေလို့ခေါ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနယ်မြေကဘ၀တွေအတွက်ပါ အရင်းအနှီးကြီးစွာပေးဆပ်ခဲ့ရတဲ့ သမိုင်းဖြစ်ခဲ့တယ်။

တကယ်တော့ ၈၈၈၈ အရေးတော်ပုံကြီးဟာ လူထုရဲ့ တိုက်ပွဲသရဖူ ဖြစ်ပါတယ်။ အရေးတော်ပုံကာလက သင်ဟာ မဆလ အာဏာ ရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့လူထုထဲက လူသားတယောက်အဖြစ်နဲ့ ပါဝင်ခဲ့ကောင်း ပါဝင်ခဲ့မှာပါ။အဲဒီလိုပါဝင်ခဲ့တဲ့အတွက်လည်းသမိုင်း ပေးတာဝန်ကိုအထိုက်အလျောက်  ကျေပွန်ခဲ့တယ်လို့ လည်း ကျေနပ်ရမှာပါ။အဲဒီတုန်းက သင်ဟာ ကျောင်းသားအရွယ် ဖြစ်ချင်ဖြစ်နေ မယ်။ အလုပ်ထဲက လည်း ဖြစ်နိုင်တယ်။ သက်ကြားအိုအရွယ်လည်း ဖြစ်နိုင်ပါတယ်လေ။ ဘယ်အရွယ်ပဲ ဖြစ်ဖြစ် အဖိနှိပ်ခံဘ၀ မှာ မခံမရပ်နိုင် တိုက်ပွဲဝင်ချင်သူတိုင်းအတွက် ၈၈၈၈ အရေးတော်ပုံကြီးဟာ သမိုင်းကပေးလိုက်တဲ့ ကြီးမြတ်တဲ့လက်ဆောင်ကြီးဆိုတာ ငြင်းလို့မရနိုင်ပါဘူး …

ပါတီတွေဖွဲ့ခဲ့ကြတယ်။ အကျဉ်းထောင်တွေထဲ နှစ်ရှည်လများ ရောက်သွားကြတယ်။ ထောင်တွင်းမှာ တချို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့တယ်။ တချို့ ထောင်ကထွက်လာတယ်။ မိသားစုဘ၀ကလေးတွေ အသိုက်ပျက်ခဲ့ကြတယ်။ ယုံကြည်ချက်အတိုင်း ထောင် မကြောက် စစ်ကြောရေးမကြောက် ဆက်လက်လှုပ်ရှားနေခဲ့ကြတယ်။ သူလို၊ ကိုယ်လို၊ ကျနော်တို့လို လူမျိုးတွေမပြောနဲ့။ အမျိုးသားေ ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီးလို့ သမိုင်းမော်ကွန်းရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီးကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နှစ်ရှည်လများ နေခဲ့ရတယ်မဟုတ်ပါလား။ အပြင်ပြန်ရောက်တော့လည်း လူအုပ်စုနဲ့လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရသေးတယ်။ မိသားစု ဘ၀ တစစီပြိုကွဲခဲ့၊ ပြိုကွဲနေတာကိုတော့ ထူးပြီး ပြောမနေတော့ပါဘူး။
စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အငြိုးကြီးရက်စက်မှုဟာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် (အဆိုတော် ကိုသန်းလှိုင်၏ အကို) ကိုကိုးကျွန်းပြန်ကြီး၊ နောက် ကိုကိုးကျွန်းပြန်တွေ ဖြစ်ကြတဲ့ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း တို့သည်လည်း ထောင်ထဲမှာ နှိပ်စက် ခံရမှုကြောင့် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ရတာဖြစ်တယ်။ ကိုတင်မောင်ဝင်းဈာပနမှာကမ်းခဲ့တဲ့ ယပ်တောင်ကလေးမှာ ရေးထား တာက …

“လူကိုသတ်တာ ကင်ဆာလား၊ ကင်ဆာကျဆုံးပါစေ”

စစ်အုပ်စုအလိုကျ ထောင်ပိုင်တွေက ကိုတင်မောင်ဝင်းကျဆုံးတာ ကင်ဆာကြောင့်လို့ ဗြောင်လိမ် သတင်းထုတ်ခဲ့တာကိုး။ ဒါပေမဲ့ အဲဒီ ကဗျာစကလေးက အဖြစ်အမှန်သမိုင်းကို မော်ကွန်းထိုးခဲ့လေတယ်။
စစ်အုပ်စုရဲ့ ထောင်ထဲမှာ နှိပ်စက်တယ်ဆိုတာက နည်းအမျိုးမျိုး ရှိတယ်။ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း မျိုးစုံ နှိပ်စက်လို့ရတဲ့အပြင် ဆေးဝါးကုသမှု စနစ်မကျတာ ( ဆေးကို ပုံမှန်သေချာမထိုး၊ မတိုက်တာ)၊ အစားအသောက် စသည်ဖြင့် နှိပ်စက်လို့ရတယ်။ ၀မ်းကိုက်ေ ရောဂါဟာ အကျဉ်းကျ နိုင်ငံရေးသမားတွေအတွက်တော့ လူတိုင်းဖြစ်နေကျရောဂါ။ ဒါကို ဆေးပုံမှန်မကုသပေးရင် ၀မ်းကိုက်ပိုးက အသည်းထဲဝင်တော့တာ။ နီးစပ်သူတွေထဲကဆိုရင် ဖထီးမန်းဒါဝိတ်၊ ဘိုကလေး လူ့ဘောင်သစ် (မျိုးချစ်ဒီမိုကရက်တစ်လူငယ် တပ်ပေါင်း စု) က ဂျပန်ကြီးခေါ် ကျော်မျိုးသန့်တို့ဟာ အသည်းထဲဝမ်းကိုက်ပိုးဝင် ကျဆုံးခဲ့ကြတာ ဖြစ်တယ်။
စာကို ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ရောရေးတတ်တဲ့ အင်ဂျင်နီယာ ကျောင်းသားဟောင်း ကိုအောင်ကျော်မိုးကျတော့ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ အစာငတ်ခံတိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တာ ဖြစ်တယ်။ သူလို တိုက်ပွဲဝင်ကျဆုံးခဲ့သူများကား သမိုင်းမော်ကွန်းတင်ရစ်ခဲ့ပြီ။ ဗန်းမော်ဦးတင်အောင် စကားကိုကိုးကားပြောရရင် သူတို့ ဖြတ်သန်းနေတဲ့ခေတ်ကြီးက သူတို့ ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြသူတွေ …။
အမေဒေါ်ကြည်ကြည် ( သခင်ဇင်၏ဇနီး ) ဆိုရင် ထောင်ထဲမှာသာ အနေများခဲ့ရတယ်။ သူမဆိုရင် နိုင်ငံရေးသမားများအတွက် ဂေါ်ကီရဲ့ “အမေ” လို ကျင့်ကြံနေထိုင်သွားခဲ့တာ။ အမေလူထုဒေါ်အမာကလည်း သူသေသည်အထိ လူထုအကျိုးစီးပွားဘက်က ရပ်ခံခဲ့ တယ်။ သူ့ဖြတ်သန်းမှုသမိုင်းဟာ ဗမာတင်မက တကမ္ဘာလုံးက အမျိုးသမီးတွေအတွက် အားကျအတုယူစရာဖြစ်တယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်က မန္တလေးရောက်ရင် အမေ့ကို သွားရောက်ဂါရ၀ပြုနေကျ။ ဦးဝင်းတင်၊ ဦးတင်ဦး တို့ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို အကောင်းဆုံးဝန်းရံပေးနေခဲ့၊ ပေးနေဆဲဖြစ်တယ်။ သူတို့ဟာ သက်ကြားအိုတွေ ဖြစ်နေကြပေမဲ့ စစ်အာဏာရှင်စနစ် တိုက် ဖျက်ရေးနဲ့ ဒီမိုကရေစီအကျိုးစီးပွား တည်ဆောက်ရေးဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန်ဆောင်ရွက်နေကြတာ။ သတ္တိရှိသလို ဇွဲလည်းရှိကြတယ်။ ဒုက္ခမျိုးစုံကိုလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ကြဘူး။ လူငယ်တွေ အတွက် စံပြုအတုယူရမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးကြီးတွေအဖြစ် ယနေ့အထိ ပိုင်းဖြတ်တိုက်ပွဲဝင်နေကြတယ်။
မီဒီယာဘက်ကကြည့်မယ်ဆိုရင် လူထုဦးစိန်ဝင်းဟာ လူထုတပ်ဦးကနေ ဦးဆောင်လမ်းပြတိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်ကြီး တယောက်ဖြစ်တယ်။ ဘယ်လိုပဲ အတွေးအခေါ်တွေရှုပ်ထွေးနေပါစေ။ သူပြောလိုက်ရင် ရှင်းသွားတာပဲ။ မျက်ခြေမပြတ်တော့ဘူး။ လက်ရှိမှာ အောက်ဆီဂျင်နဲ့ အသက်ရှုနေရတယ်။ စိတ်ဓါတ်ကတော့ ရန်သူ့အပေါ်မှာ ပြတ်သား မာကျော ခိုင်မာနေမြဲပဲ …။
လက်ရှိ ကျနော်တို့ရဲ့ လွတ်မြောက်နယ်မြေမှာရော …။
မိခင်ရုံးကို ရောက်သွားတော့ တိုက်ပွဲဝင်ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြန်တွေ့လိုက်ရတယ်။ သူတို့ကို သူတို့ရဲ့ ရှားပါး ဓါတ်ပုံကလေးေ တွေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားတာ ဖြစ်တယ်။ ဓါတ်ပုံထဲက သူတို့ရဲ့ ရုပ်ပုံလွှာတွေဟာ ပီဘိအပြစ်ကင်းစင် ရိုးသားကြတယ်။ မျက်နှာ ကလေးတွေက နုနုကလေးတွေ။ မိဘတွေရဲ့ မျက်စိအောက်မှာ အေးချမ်းစွာပညာသင်ကြားရမယ့် အရွယ်တွေဖြစ်တယ်ဆိုတာ ဘယ်သူ မှ မငြင်းနိုင်အောင် ဖေါ်ပြနေကြတယ်။ သူတို့ကား ဒီမိုကရေစီရေးအတွက်၊ တိုင်းပြည်အတွက်၊ အဓမ္မဗုံးခွဲအဖျက်ဆီးခံ ကျောင်းသား သမဂ္ဂအဆောက်အဦကြီးအတွက်၊ အစဉ်အလာကြီးမားသော ဗမာပြည် ကျောင်းသားလှုပ်ရှားမှုသမိုင်းအတွက် တကယ့်ကို တန်ဖိုးရှိရှိ ဂုဏ်ယူဖွယ် ကျဆုံးခဲ့ကြတာဖြစ်တယ်။
ဓါတ်ပုံတွေထဲကနေ ကျဆုံးရဲဘော်တွေက ကျနော်တို့ကို ကြည့်နေသလိုပဲ။ တစုံတခုကို ပြောနေ၊ သတိပေးနေသလို ခံစားရတယ်။ မင်းတို့ ဘယ်လမ်းလျှောက်နေကြပြီလဲ။ မင်းတို့ ဒီ လွတ်မြောက်နယ်မြေကို ဘာအတွက်၊ ဘာလုပ်ဖို့လာခဲ့ကြတာလဲလို့ မေးခွန်းထုတ်နေ သလိုလို ခံစားလာရတယ်။ ထွက်ပြေးမတတ် သိမ်ငယ်နေတဲ့ မိမိလိပ်ပြာဟာ ကြေကွဲစွာလွင့်စဉ်သွားမတတ် ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးပေး။ ပြီးတော့ ကိုယ့်အတ္တကို ကိုယ်တိုက်ပွဲဝင်ဖို့ လုပ်ရတယ်။ ဒီလိုမှ မဟုတ်ရင် သမိုင်းကအညှာအတာ ကင်းတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှ ခွင့်လွှတ်နိုင်မယ် မဟုတ်တော့မှာ သေချာတယ်။ သြော် သူတို့ဟာ ကျဆုံးပြီးခဲ့ တာတောင် ဆက်ပြီးတိုက်ပွဲဝင်တာဝန်ကျေနေကြမြဲ။ သူတို့ရဲ့ မိခင်တွေဟာ သမိုင်းရဲ့ အမျိုးသမီးကောင်းမိခင်တွေဖြစ်ခဲ့ပြီ …။
ပြောင်းလဲနေတဲ့ ကမ္ဘာ့ အခင်းအကျင်းသစ်ပေါ်ကနေ စစ်အုပ်စုဟာ အသက်ရှုပေါက်ချောင်သလိုဖြစ်သွားခဲ့တယ်။ ဒေသန္တရ နိုင် ငံရေးကလည်း သူ့ကို လူမိုက်အခြေအနေကောင်း ဖြစ်စေပြန်နေရော။ အတုအယောင် အပစ်အခတ်ရပ်စဲရေးကနေ ငြိမ်းချမ်းရေးဆိုပြီး နတ်စကားတွေ လှိုင်လှိုင် ထုတ်ပြန်နေခဲ့တယ်။ နောက်ဆုတ်လိုက်ရတဲ့ လက်နက်ကိုင်တော်လှန်ရေး ဒီရေအကျမှာ လွတ်မြောက် နယ်မြေကဘ၀တွေ လိမ့်နေအောင်ခံလိုက်ရတယ်။ အခင်းအကျင်းတခုလုံးနဲ့ လက်တွေ့သမိုင်းရဲ့ အခြေအနေကို မဆုပ်ကိုင်မိဘူးဆိုရင် လူဟာ ကိုယ့်ကိုယ်ကိုယ် ဆယ်ယူဖို့ အတော့်ကိုခက်သွားလိမ့်မယ်။ မျက်မှောက်ပြုနေရတဲ့လေထုထဲမှာ တန်ဖိုးအတွက်စံသတ်မှတ်စရာ ပေတံ ရှားပါးနေခဲ့တယ်။ ကိုယ့်အတ္တကိုမှ ကိုယ်မနိုင်ရင် ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးဖို့က သေချာသလောက်ရှိနေပါတယ်။
အဆိုးဆုံးက ကိုယ် ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိတော့တဲ့ကိစ္စ။ ဘ၀ဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ သိပ်လွယ် လွန်းနေတယ်။
ခုတော့ မင်းသားခေါင်းပြုတ်ကျပြီး ဘီလူးခေါင်းပြန်ပေါ်လာတဲ့ စစ်အုပ်စုဟာ အတုအယောင် အပစ်အခတ် ရပ်စဲရေး ဖြစ်ပါတယ်ဆိုတာကို တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ကမ္ဘာ ကိုရော သမိုင်းကိုပါဝန်ခံလိုက်ရပြီ။ ကျနော်တို့ ဒီမိုကရေစီရေး ဘက်က မရှိမဖြစ်လိုအပ်နေသည်မှာ အဖိနှိပ် ခံလူထုကြီး၏ အနှစ်သာရပြည့်စုံတဲ့ “ညီညွတ်ရေး” … ။ ဘုံရန်သူစစ်အာဏာရှင်၊ စစ်အုပ် စုနဲ့ သူတို့ရဲ့ လက်ရှိရုပ်သေးအစိုးရကို ဖျက်သိမ်းပစ်ဖို့အတွက် အနိမ့်ဆုံးဘုံလုပ်ငန်စဉ်တခုကို ချမှတ်နိုင်ဖို့အမြန်ဆုံး လိုအပ်နေပါတယ်။
 
မည်သူမဆို ကိုယ်ရောက်ရာအရပ်ကနေ ဒီမိုကရေစီရေးကို ရွက်ကျပင်ပေါက်ပမာ ဆောင်ရွက်နိုင်တယ်လို့ နာယူမှတ်သားခဲ့ဖူးတယ်။ ဟုတ်ပါတယ်။ မည်သူမဆိုပါ။ ဆန္ဒအတိုင်းမဖြစ်တတ်တဲ့ဘ၀မှာ လူသားဟာကိုယ်ရောက်တဲ့အရပ်ကနေ ဘုံရန်သူကိုမျက်ခြေမပြတ်ဖို့နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူထုရဲ့ အကျိုးစီးပွားကို နိုင်ငံရေး အသိ၊ သတိရှိရှိနဲ့လုပ်သွားကြဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြား ခံယူလာမိတယ်။ အဲဒီ ခံယူမှုကိုခိုင်မာသထက်ခိုင်မာအောင် လုပ်သွားမယ်လို့လည်း ပိုင်းဖြတ်ရပါမယ်။ ဒီအသိနဲ့ ဒီအားအင်တွေက သူ့အ လိုလို ဖြစ်လာတာတော့ မဟုတ်ဘူး။ အထက်ဖေါ်ပြပါ ဂုဏ်ရောင်ပြောင်စွာတိုက်ပွဲဝင်ကျဆုံးခဲ့ကြသူတွေက သူတို့ရဲ့ ဘ၀တွေ၊ အသက် တွေ၊ သွေးတွေနဲ့ရင်းနှီးပြီး သမိုင်းတာဝန်သင်ကြားချက်ကို တန်ဖိုးရှိရှိပေးခဲ့တာ …။
၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တချို့ကား ကြယ်စင်တွေ လိုဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံး ကြွေသက်ခဲ့ကြတယ်။ တချို့ကား …။
အရေးတော်ပုံကြီး၏ ခရီးရှည်ကား မဆုံးသေး … ။ ပန်းတိုင်သို့ … မရောက်ရှိသေး … ။ တနေ့မှာ … ဒီမိုကရေစီအကျိုးစီးပွား ပန်းတိုင်ဆီသို့ မလွဲမသွေ ရောက်ရှိမည်ကို အခိုင်အမာ ယုံကြည်တယ် … ။ ။

ကမာပုလဲ
၂၀၁၁။

No comments: