Tuesday, June 21, 2011

ဥာဏ်လင်းမင်းနှင့် အရက်သောက်ခြင်း

KMThet

သူငယ်ချင်း
ဒါဟာ paradise
ငါ ဒီနေ့ ဇော်ကြီးကို မတိုက်ဘူး
မင်း က ငါသောက်တာကို ထိုင်ကြည့်
လိုအပ်ရင် ငုတ်တုတ် ထိုင်နေဖို့  ဘုန်းကြီးကို ခေါ်လိုက်မယ်
ငါရဲ့ ပျောက်ဆုံးသွားတဲ့ နာရီ တလုံးအတွက်
ဝမ်းနည်းပက်လက် ငါမူးမယ်
တသက်စာ လုံလောက်အောင် သောက်ဖို့ ရာ
ငါ့မှာ လုံလောက်တဲ့ ၀မ်းစာ ရထားပြီ။

ငါ မင်းနဲ့ ပဲ
ဓါတ်တိုင်တွေ ပေါ်က မီးအား မပြည့်တဲ့
မီးလုံးတွေအကြောင်းပြောမယ်
အသည်းခွဲတတ်တဲ့ မိန်းမတွေအကြောင်းကို
မြည်းမယ်
သစ္စာကို ပြောင်းပြန် ပြန်ပြီး
ငါတို့ စာသစ်တွေ ရေးကြမယ်
ဘယ်မဂ္ဂဇင်းမှာ မှ ပါစရာ မလိုဘူး
ငါတို့ ဘာတွေလို နေသေးသလဲ
အမှန်တရားနည်းနည်း
ပဋိပက္ခ နည်းနည်း
အရက်သောက် လို့ ကောင်းရုံလိုအပ်တယ်။
ငါ ကတော့ တယောက်တည်းလဲ
ရန်ဖြစ်တတ်တယ်

ငါထင်တယ်
တော်တော်များများကို
တရုတ်ပြည်ကို ရောင်းစားလိုက်ရင်
လောက ကြီးနေကောင်းသွားမယ်။
လာဘ်မစားဖို့ တော့ လိုတာပေါ့လေ
ပြီးတော့ 
ဒီကောင်တွေဆီမှာ
ငါရစရာ အကြွေးတွေလဲ ရှိနေတယ်
မြို့ ကြီးတမြို့ စာ
မင်းရဲ့ နစ်နာမှုတွေအတွက်လဲ
မင်းဟာ တစုံတရာ ပြောချင်မှာပေါ့
ဒါပေမယ့် ဒါဟာ
ဒီကောင်တွေနဲ့ မဆိုင်ပြန်ဘူး
သူတို့  က ကိုင်ရင် ခေါင်းကို ကိုင်တာ
တရုတ်ပြည်က ပြန်မပေးသေးတဲ့ အကြွေးအတွက်
အနောက်ကမ္ဘာရဲ့ အကူအညီမပါဘဲ တောင်းယူပါလေ
ကဲ သူငယ်ချင်း
မင်းဘာပြောချင်သလဲ
ရမ် က ရေခဲနဲ့ ကြက်ဥကြော်နဲ့ ကောင်းတာကို
ငါ လက်ခံပါတယ်
အပိုဖျော်ရည်တွေကို
ဘုန်းကြီးကို အရက်လိမ်တိုက်တဲ့အခါ တိုက်ပါ
ငါ က အရက်ကို အချိုရည်တခု ခု နဲ့ ရောရင်
အန် တတ်လို့ ပါ။
ပြီးတော့ ခေါင်းကိုက်တယ်
ပြည်က ကောင်မလေး တွေ လှတယ်
သူငယ်ချင်း
ငါတို့ ဘုန်းကြီးလေး အတွက်
တယောက်ရှာမယ်
ရခိုင်မ တွေ လား
ထားလိုက်ပါကွာ
အနံကြီးကွင်းကျယ် တွေ က ခပ်များများရယ်
ဒါပေမယ့်
ဒို့ ဖက်က ကောင်မတွေတော့လှတယ်
မာန်အောင်ထိ လှတယ်
မင်းလိုက်ချင်လိုက်ခဲ့ပေါ့
ကျောင်းထဲလား
ဘယ်သူ မှ မှတ်သားစရာ ကောင်းအောင် မလှဘူး
ငါက ဆရာမတွေကို ဘဲ ကြိုက်တယ်
ရွာက တက်လာစကတော့ တမျိုးပေါ့ကွာ
အားလုံးလှတယ်
ခုတော့
စာဥကို မီသူတောင် တော်တော် ရှာရတော့မယ်
ဘာတွေဖြစ်ကုန်လဲ တော့ ငါလဲမသိဘူး
ငါသဘောတူပါတယ်
မင်းပြောတဲ့ အာစီတူးက မိုက်တာကို
ကျောင်းက ကောင်မတွေက အသက်ကြီးလာမှ
လှလာတတ်တယ် တဲ့ကွ။

ကဲ သူငယ်ချင်း
မော်စီတုန်းကို ဘရိမ်းဝပ်ရှ် လုပ်ဖို့ ရာ
နောက်တလုံးမှာလိုက်ပါ ဦး။
 
နောက်တခါ ပြည်ကို ပြန်လာရင်
မင်းမရှိတော့တာကို ငါ မခံစားနိုင်တာ
သိပ်သေချာတာပေါ့ သူငယ်ချင်း
လွမ်းချင်းလေး တောင် ငါမဆိုတတ်သေးဘူး။
ဧရာဝတီ တဖက်ကမ်းကို
မေ့ ထားတော့မယ် သူငယ်ချင်း
မင်းတို့ ဘဲ လာခဲ့ပါ။
မန္တလေး အစုလား
မိုက်တယ်၊ စစ်ကိုင်းရောပဲ။
မင်းတွေ့ ကြည့်လေ
ကြိုက်တဲ့ဘက်ကို လိုက်ပါကွာ
မင်းဟာ ဟံသာဝတီသား မဟုတ်တာ
ငါသိပါတယ်။
ခြွင်းချက်ထားခဲ့ပြီသူငယ်ချင်း
မူးတယ်
တချို့ အရာတွေမှာ နှလုံးသားနဲ့ သာ
ဆုံးဖြတ်လို့ ရတာ သေချာပါတယ်
ယုဇန မှာ ထမင်းသွားစားကြမယ်ကွာ
ရေသိပ်ကြာကြာချိုးရင်
အအေးပတ်မယ်
မူးနေတော့ သတိပိုထားရတယ်
လူကြီးတွေက ညစ်ပတ်တယ် သူငယ်ချင်း
ရေမချိုးတဲ့သူ များတယ်
ငါ ကတော့ငယ်ငယ်လေး ကတည်းက ညစ်ပတ်တယ်
ငါ့အဖိုးက ရေအမြဲ ချိုးတယ်
အဲဒါကြောင့်အဖိုးဟာ လူကြီးဘယ်တော့မှ မဖြစ်ဘူး
ဘာလဲ မင်းမယုံဘူးလား
အသက်တရာ ပြည့်တာတောင်
သွားတချောင်းမှ မကျိုးသေးဘူး
ရှပ်ကီလား
၇၀ ကျော် အောင် ဖဲ့တယ်
နည်းနည်းပေါ့။
ကောင်မလေးက ငါ့ ကို ဆေးလိပ်မသောက်ဖို့ ပြောတယ်။
အမေကလဲ ပြောတယ်
ဒါပေမယ့် သူပြောတာ က
ကောင်မလေး ထက် ခေတ်မီတယ်
အားနည်းချက်ဖြစ်လာလိမ့်မယ် တဲ့။
အမေက ရွာသူပါကွာ
အဖေလဲရွာသား အဖိုးလဲရွာသားဘဲ
အဖေက တော့
(၇) နှစ်သားကတည်း က ဆေးလိပ်သောက်တယ်
ဒါပေမယ့် ပြည်တွင်းဖြစ်တွေပဲ
အဖေက စီးကရက် သောက်မရဘူး
အဖိုးက မြို့ အရက်မသောက်ဘူး
မီးတောက်ကို ပျားရည်နဲ့ မှ
တရားက ဘုန်းကြီးကျောင်းသွားမှ ရှိတာမှတ်လို့ ကွာ။
ဘုန်းကြီးကျောင်းတော့သွားတာပေါ့
အဘိုးနဲ့ အသက်တူ တယောက်ကတော့
ဟိုတုန်းက ဘုန်းကြီးကျောင်းမသွားဘူး
သူ က ခုထိ ဥယျာဉ် ဆင်းနိုင်သေးတယ်
ငါက အဖိုးကိုအချစ်အကြောင်းဆွေးနွေးချင်တာ
အခွင့်အရေးရဖို့ သိပ်မသေချာဘူး
မြန်မာပြည်မှာ အဲဒီ အသက်တမ်းကို လက်ဝှေ့ ထိုးဖို့ 
ဒါမှ မဟုတ် နပမ်းလုံးဖို့ 
ဘယ်နှစ်ယောက် ကျန်မလဲ
မင်းအိမ်ကရော ဆရာဝန်ဖြစ်စေချင်ခဲ့တာဘဲလား
အနောက်နိုင်ငံကို ရောက်ခဲ့တယ် သူငယ်ချင်း
လူ ကို အထင်သေးပြီး
ခွဲခြားတတ်တဲ့ညာဉ်က လွဲပြီး
ငါဘာမှ မရခဲ့ဘူး
ဒီမိုကရေစီလိုချင်ရင် ရွာကို ပြန်လာခဲ့ကွာ
ငွေလိုချင်ရင် မိန်းမယူပြီးရောင်းစား
ခလေး မွေးခိုင်းပြီးရောင်းစားတော့
အကြိမ်ကြိမ်ရောင်းလို့ ရတာပေါ့
ဒီမိုကရေစီဆိုတဲ့ စကားလုံးရောင်းတဲ့ ကောင်တွေကလဲ
ခလေးတွေပဲလိုချင်တာ
ဘင်လာဒင်လဲ ခလေးတွေပဲ လိုချင်ခဲ့မှာပဲ။
ကွာတာက
ငွေနဲ့ မွေးတာနဲ့ 
ရင်နဲ့ မွေးတာပဲ။
လူ့ အခွင့်အရေး ဟုတ်လား
အဲ ဒါ ကလူတွေကြားပဲ ရှိတာ
မျောက်တွေ ကြားရှာရင်
မျောက်အခွင့်အရေးတော့ရမယ်။


မင်းနဲ့ ဇော်ကြီးနဲ့ ညှိကြည့်ကွာ
ငါ မင်းတို့ နှစ်ယောက်ကြား
ဒိုင်တခါလောက် လုပ်ကြည့်မယ်
ခါးအောက်ပိုင်းက ကောင်တွေက တော့
နည်းနည်းညစ်တာ ခုမှ မဟုတ်ဘူး
လွတ်လပ်ရေးယူလာကတည်းကဘဲ။
ဒို့ ဘယ်လောက်ထိ ယုံကြည်ဖြတ်သန်းနိုင်မလဲ
ရခိုင်
အင်း
ရခိုင် လုပ်နေရင်လဲ ခါးနာမှာပေါ့ ကွာ
လောလောဆယ် တော့
ရခိုင်ပေါ့ သူငယ်ချင်း။
 
ရေများများချိုးရင်လဲ
အအေးပတ်တတ်တယ်လေကွာ
မင်းရဲ့ အပင်လေး
ဒီလောက်ဆို အရွက်တွေ ဝေ နေရောပေါ့။
အပင်စိုက်ချင်တဲ့ ကောင်နဲ့ 
အရွက်ခြွေချင်တဲ့အကောင်တွေကြား
စကားလုပ်ပြောနေစရာက
စီးပွားရေးကိစ္စတခုပဲ သူငယ်ချင်း
ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
ဒီသဘောထားတာကောင်းတယ်
ငါလား
မင်းလို ဘဲ
အရက်သမားတယောက်ပဲပေါ့
အရက်သောက်ဖို့ တော့ ငွေလိုမှာပဲ
ခုအချိန်မှာ
ငါ ဒီလိုပဲဖြေသင့်တယ်
နိုး၊ ဟင့်အင်း
ငါက ကဗျာဆရာလို့ 
မင်းလိုဖြေခွင့်မရှိဘူး
ငါ က အတု ဖြစ်နေသလားလို့ ။
ဒါပေမယ့် အဲဒါကို
ငါ ကျေနပ်သွားပြီ
တနေ့ သေမယ် ဘယ် နေရာ သေမယ်
မသိဘူးဟုတ်လား
ငါကတော့
စာလုံးတွေနဲ့ တည်ထားတဲ့ နယ်မြေမှာပဲ
သေနိုင်အောင်ကြိုးစားသွားမယ်။
နယ်မြေတိုင်းက စာလုံးတွေနဲ့ 
နေရာသတ်မှတ်ရတာ ဆိုပေမယ့်
သူ့ ရဲ့ သခင်နောက်ဆုံးသေသွားတဲ့နေရာ
ခေါင်းဖြတ်ခံရတဲ့နေရာ
အဲဒီမှာ ငါသေမယ်
သူက ထွက်မပြေးဘူး
ငါက ထွက်ပြေးတယ်
ငါထွက်ပြေးတာ သူ့ ကို အသက်ပြန်သွင်းဖို့ ပါ သူငယ်ချင်း
အုဌ်တချပ် လပ်နေတာလား
ရပ်တန့် နေတာလား။

တခု ခုဟာ
လိုအပ်နေခဲ့တာကို
ငါတို့ ငယ်စဉ်ကတည်းက သိနေခဲ့တာပဲ။
ဘာပြောတယ်
ဟားဟားဟားဟား
I am over the king လေကွာ
အနည်းဆုံးတော့ တနေရာ ရှိတယ်
ရှင်ဘုရင် မလုပ်ချင်မှတော့
သူ က ဘုရင့် အထက်က တနေရာကို စဉ်းစားလို့ ပေါ့
နိဗ္ဗာန် မလိုချင်မှ တော့
အဲဒါထက်ကောင်းမယ် ထင်တဲ့အရာ
သူ့ မှာ ရှိနေလို့ ပေါ့ကွာ
ငါတို့ က ဘုန်းကြီးတွေမဟုတ်ကြတဲ့အတွက်
ငါတို့ မှာ ဒီလို စဉ်းစားခွင့်ရှိတယ်။
ဘုန်းကြီးအစစ်တပါးက ရှင်ဘုရင် လုပ်ချင်မှာ မဟုတ်ဘူး
လိုအပ်လို့  ကူညီတာကို
အောက်လိုက် ငယ်သားလိုစဉ်းစားတဲ့နေ့ က
ရှောခ့်ဖြစ်မှာဘဲ။
ဒါ က နည်းနည်းတော့ပြဿနာ ရှိတယ်
ဒါပေမယ့် ငါဆိုလို တာကို မင်းသိပါတယ်
ငါပြောတာကို မင်းက သံသယ ဖြစ်နေတာလား
စဉ်းစားတာလား
သေချာတာ ဘယ်သူ မှ ကယ်တင်ဖို့ လုပ်နေတာမဟုတ်ဘူး
လူကို အနောက်ကမ္ဘာ ရောင်းစားမယ့်အဖွဲ့ အစည်းနဲ့ 
သယံဇာတကို တရုတ် အိန္ဒိယ ရောင်းစားတာ ကွာတယ်
လာဘ်စားမှု အတိုင်းအတာ ကွာတယ်
မျိုးဆက်တွေက တော့ ဆဲတတ်လာတယ်
ဒါပေမယ့် အဆင့်အတန်း နဲ့ မဆဲတတ်တာ
၈၈ လောက် ကတည်းကပဲ။
ဒီကောင်တွေ နာ ရင် လဲသေပေါ့ကွာ
ငါတို့ က သူ တို့ ထက်ငယ်တယ်
ငါတို့ က အဆဲခံရမယ့် အချိန်ရောက်တဲ့အထိ
ဒီကောင်တွေ ခွက်လုလို့ မပြီးသေးဘူး
ဟေး ဒီမှာ
တယောက်ပဲ ခြွင်းချက် ထားမယ်
ဒါပေမယ့် လိုအပ်ရင် အင်္ဂလန် လဲ ဒိုး
အဲဒါငါပဲ။
ဒါပေမယ့် ငြင်းမရတဲ့ ဇာတ်တွေ ရှိခဲ့ပြီ
ငါ တို့ ဥရောပ ကို ဘယ်လောက်လို အပ်လဲ
အင်္ဂလန်။ ပြင်သစ်။ အီတလီ။ဂျာမန်။
ဒီကောင်တွေ အားလုံးဒို့ နဲ့ ဆက်ဆံတယ်
ကျန်တာ လူစာရင်း မထည့်နဲ့
သူ တို့ လဲ တို့ ကို မထည့်ဘူး
ကမ္ဘာ့အခင်းအကျင်းမှာ သမဂ္ဂဆိုပြီး
ဖင်ထိုင်ခုံလုသွားတာထက် ဘာပိုသလဲ
အမေရိက
အမေရိက က ရူးနေပြီ
အိုင်ဒီပျောက်လို့ ရူးသွားတာ
ဒီကောင်တွေ မှတ်ပုံတင်ပျောက်သွားပြီ
ခုတော့ တရုတ်ပိုက်ဆံနည်းနည်းကျန်သေးတယ်။
ငါမူးနေပြီ ဟုတ်လား
ရတယ် ဒါပြီးရင် အိပ်တော့မယ်
အိမ်ရှင်မ က အိပ်မက်ထဲမှာ
ထမင်းလာကျွေးလိမ့်မယ်ကွာ
အပြင်မှာတော့
ပြောခွင့်ကြုံရင်ပြောလိုက်ပါ
ငါ့ကောင်မလေးကို သိပ်ချစ်တဲ့အကြောင်းပါ။
ငါ အန်ဖတ်တွေကို ဇော်ကြီးဆီကို ပေးလိုက်မယ်။
အဲဒီကောင်မလေး ၃ ယောက်ကို
ပိုတို ရှော့ မပေါ်ခင် ကတည်းက
၃ ယောက်ပေါင်း တယောက်လုပ်ချစ်ခဲ့တဲ့အကြောင်း
အဲဒါကို သိရင်
တယောက်ဖဲ့သွားတဲ့ ဆရာ
ဆွ ဆွ ခုံစေပါစေကြောင်းရောပေါ့။
ငါ အန်ဖတ်တွေကို ဒီကောင့်တယောက်ထဲ ဝေရင်
မတရားဘူး
ကျော်ကျော်အောင်လဲ ရသင့်တယ်။
ငါ့ကို ဖမ်းဖို့ အကူအညီပေးတဲ့ ညီညီမျိုးလဲရသင့်တယ်။
ငါက ဟပ်စကီးကို ချစ်တယ်
ဒါပေမယ့် ဟပ်စကီးက ငါ့ကို တကယ် မခေါ်ဘဲ
အခန်းထဲ ဘဲ ပိတ်ပစ်ခဲ့တယ်။
ဆေးခတ်ပြီး
စိတ်ပညာရှင် နဲ့  ၃ နှစ်လောက်
၁၅ နှစ်စာ တူးပြီးမှ ရက်စက်တဲ့ ဖြစ်စဉ်အတွက်
သူငယ်ချင်းတွေကို
အရက်လာသောက်တဲ့နည်းနဲ့ အကြွေးတောင်းမယ်။
ဝံဏ ဆိုတဲ့ကောင်က ငါ့ ကို နှစ်ခါတိတိ ဒုက္ခပေးဖူးပြီကွ
ငါ့အလှည့်တုန်းက ကတုံးတောင် ငါဝှက်ထားတာ
ဒီကောင်တွေငါ့ ကို လိုက်ဖမ်းကြတယ်
ငါ ချစ်လိုက်တာ

ဇော်ကြီးကတော့ငါ့ ကို သတ်ဖို့ ကြိုးစားတယ်။
အနည်းဆုံးမင်းတို့ အမျိုးတွေပေါ့
အဲတော့
အားလုံးအန်ဖတ်တွေ ခွဲဝေယူစေ သတည်း။
ဒါဟာ
ချစ်လို့ ဝေပေးလိုက်တာ
ပြီးရင် ငါ မေ့ပစ်လိုက်တော့မယ်
ဥာဏ်ကြီး ပြန်တော့.....
ငါလဲ အိပ်တော့မယ်
ငါ လိုက်မပို့ နိုင်တော့ဘူး
တယောက် ယောက်က ကြုံရင်
အောင်ကျော်ဟိန်းကို ဆဲကြောင်းပြောကြပါလေ။

No comments: