Wednesday, June 29, 2011

ခြိမ်းခြောက်တိုက်ခိုက်ခံနေရသော အမေရိကန်ဒီမိုကရေစီ

အောင်မိုးဝင်း
29 June 2011

(၁)

အမေရိကန်ပြည်ထောင်စုမှာ သမဂ္ဂတွေရဲ့လှုပ်ရှားမှုတွေကိုခြိမ်းခြောက်ခံရတဲ့အဖြစ်အပျက်တွေ ဆက် တိုက်ပေါ်ပေါက်နေ ခဲ့တယ်။ ဒီအထဲက အဆိုးဝါးဆုံးဖြစ်ရပ်တခုကတော့ အနောက် ဗာဂျီးနီးယားပြည်နယ် မှာတည်ရှိတဲ့ ဘလဲရားတောင်တန်းကို မိုင်းခွဲဖြိုချဖို့ စီမံကိန်းချထားတဲ့ Massy စွမ်းအင်ကော်ပိုရေးရှင်းရဲ့ အကြံအ စည် ပဲဖြစ်တယ်။ ဘလဲရားတောင်တန်းဆိုတာ အမေရိကန်အလုပ်သမား လှုပ်ရှားမှု ရဲ့အရေး ပါတဲ့ သမိုင်းဝင်နေရာတခုဖြစ်တယ်။ ဒီလိုနေရာကို မိုင်းခွဲဖြိုချပြီး အလုပ်သမားတွေကို အလုပ်လက် မဲ့ဖြစ်အောင်လုပ်တာဟာ သမဂ္ဂရဲ့သင်္ကေတကို တိုက်ခိုက်လိုက်ခြင်းပဲဖြစ်တယ် လို့ အလုပ်သမား သမဂ္ဂတွေက ယုံကြည်နေကြတယ်။ 


ဒါပေမဲ့ ဒီသတင်းဟာ CNN ၊ FOX News စတဲ့ နာမည်ကြီးအသံလွှင့် ဋ္ဌာနတွေမှာ အရေးပါတဲ့ သတင်း တခုအဖြစ်ရောက်မလာခဲ့ဘူး။ အမေရိကန်အသံလွှင့်ဋ္ဌာနတွေမှာတော့ ကိုယ့်သမီးကို၊ ကိုယ့်ဘာသာ သတ်ပစ်လိုက်လို့ အမှုရင်ဆိုင်နေရတဲ့ အမျိုးသမီးတယောက်အကြောင်း၊ နယူးယောက်ပြည်နယ်က လိင်တူ ခြင်းလက်ထပ်မှုကို တရားဝင်ခွင့်ပြု လိုက်တဲ့အတွက် ဂေးနဲ့လက် စပီယံ တွေ နယူးယောက်မြို့လယ်မှာ ခြိမ့်ခြိမ့်သဲပျော် ရွှင်စွာအောင်ပွဲခံနေပုံတွေ၊ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ ကြတဲ့ နိုင်ငံရေးသမားတွေ ရဲ့စကားလုံးတွေ နဲ့ အတူ ဆီးရီးယား၊ လစ်ဗျား နိုင်ငံအပါအဝင် တခြားနိုင်ငံက လူထုလှုပ်ရှားမှုတွေအကြောင်းကိုသာ ထပ်တလဲလဲတင်ပြနေခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအသံလွှင့် ဋ္ဌာနတွေဟာ ခြိမ်းခြောက်တိုက်ခိုက်ခြင်းခံနေရတဲ့ အမေရိကန်ဒီမိုကရေစီအကြောင်းကိုတော့ ထုတ်ဖေါ်ပြောကြားခြင်း မရှိခဲ့ဘူး။ ဘာလို့လဲဆိုတာရှင်းပါတယ်။ အမေရိကန်နိုင်ငံရေးဆိုတာ ကော်ပိုရေးရှင်းတွေနဲ့ ချမ်းသာတဲ့ လူတန်းစားတွေကသာ လွှမ်းမိုးခြယ်လှယ် ထားလို့ပါ။
(၂)

တခါတလေတော့ စဉ်းစားကြည့်မိတယ်။ အရင်းရှင်စံနစ်နဲ့ ကွန်မြူနစ်စံနစ်ကြားက တူညီမှုတွေအကြောင်းပါ။ ကွန်မြူနစ်နိုင်ငံတွေမှာ ပါတီခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိသားစုတွေက အထူးအခွင့်အရေးရတဲ့ လူတန်းစား တရပ်ဖြစ်လာတယ်။ အလုပ်သမားလူတန်းစားကို အသုံးချမယ်။ မီဒီယာတွေမှာ သူတို့ရဲ့အာဘော်တွေကို ဝါဒဖြန့်ပြီး ပြည်သူတွေကို ချုပ်ကိုင်ထားမယ်။ ပါတီကိုအာခံလာမဲ့အရာမှန်သမျှကို ချေမှုန်းဖို့ကြိုးစားမယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်တိုင်း အရင်းရှင်နိုင်ငံတွေမှာတော့ ချမ်းသာတဲ့စီးပွားရေး လုပ်ငန်းပိုင်ရှင်တွေက အထူးအခွင့်အရေးရတဲ့ လူတန်းစားတရပ်ဖြစ်လာတယ်။ နိုင်ငံရေး၊ လူမှုစီးပွားရေး ဘဝအားလုံးကို ချုပ်ကိုင်ထားတယ်။ အကြွေးဝယ်ယူခွင့်ကဒ် ( Credit Card)၊ ချေးငွေ (Loans) တွေကို ထုတ်ချေးမယ်။ တိုးတက်တဲ့နည်းပညာတွေ၊ ဖြေဖြော်မှုတွေကိုရောင်းချမယ်။ လူတွေကို စက်ရုပ်တွေလို မနားတမ်းအလုပ်လုပ်စေပြီး ထင်ရောင်ထင်မှားကမ္ဘာက ရုန်းထွက်လို့မရအောင် လှည့်စားထားမယ်။ ပြည်သူတွေမှာ အခြေခံဒီမိုကရေစီအခွင့်အရေးတော့ ရပါရဲ့။ အဲ့ဒီကနေကျော်ပြီးဘာမှ လုပ်လို့မရဘူး။ သာမန်ပြည်သူတွေရဲ့အသံဟာ ကော်ပိုရေးရှင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရဲ့အောက်မှာ ပျောက် ဆုံးသွားတယ်။ အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲချမ်းသာကွာဟမှုက ကြီးမားလာခဲ့တယ်။

ဘယ်စံနစ်တွေအောက်မှာပဲဖြစ်ဖြစ် လူထုကတော့ မိမိအခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲ ဝင်နေကြရ ဆဲ ဖြစ်တယ်။

(၃)

မကြာသေးခင်ရက်များအတွင်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ( ILO) ရဲ့ ညီလာခံအကြောင်း ဖတ်လိုက်ရတယ်။ အနောက်ဗာဂျီးနီးယားပြည်နယ်မှာတော့ သတ္ထုတွင်းအလုပ်သမားတွေ ဆန္ဒပြနေ ကြသလို၊ ပြည်နယ်ပေါင်းစုံက သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ် ရှားသူတွေ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကလည်း အလုပ်သမား လှုပ်ရှားမှုကိုထောက်ခံအားပေးဖို့အတွက် ခြောက်ရက်ကြာခရီးတခုကို ချီတက်လိုက်ကြတယ်။ လတ် တလောဖြစ်ပျက်နေတဲ့ ဘလဲရားတောင်တန်းအနီးက ဆန္ဒပြပွဲမှာ လူနှစ်ရာကျော်ဖမ်းခံထားနေရပြီ ဖြစ် တယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ဟာ အမေရိကန်အလုပ်သမားတွေအတွက် ကာကွယ် မှုပေးနိုင်ပါရဲ့လား။ ILO ဟာ ဘလဲရားတောင်အနီးတဝိုက်မှာဖြစ်ပျက်နေတဲ့ အလုပ်သမားလှုပ်ရှားမှုကို ဘယ်လိုကူညီပံ့ပိုးမလဲ။

လွတ်လပ်တဲ့အာရှအသံရဲ့ ဒီတပတ် အင်္ဂါနေ့ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
 

သောတရှင်များခင်ဗျား

ပြီးခဲ့တဲ့ အပတ်က သတ္ထုတွင်းအလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ရဲအရာရှိ စစ်ဟက်ဖီးကို သတ္ထုတွင်းပိုင်ရှင်တွေရဲ့လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက်၊ ဘလဲရားတောင်တလျောက်မှာ အလုပ်သမားတွေ လက်နက်ကိုင်စွဲ ပုန်ကန်ထကြွကြတဲ့ ဖြစ်ရပ်ကိုတင်ပြခဲ့ပါတယ်။ ဒီတပတ်မှာ ဒီတိုက်ပွဲကြောင့်ဖြစ်ပေါ်လာခဲ့ အလုပ်သမားလှုပ်ရှားမှုတွေကို ဆက်လက်တင်ပြပါရစေ။

“ ကျောက်မီးသွေးတွင်းပိုင်ရှင်တွေက လိုဂန် ဒေသရဲ့အကြီးအကဲ Don Chafin ကိုငွေကြေးထောက်ပံ့ ပေးထားပြီး သမဂ္ဂဆန့်ကျင်ရေး စိတ်ဓါတ်တွေကို သွပ်သွင်းပေးခဲ့တယ်။ တချို့အလုပ်သမားတွေဟာ သူတို့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ- အိမ်ကိုပြန်ကြဖို့ကြိုးစားခဲ့ကြပေမဲ့ အချိန်နှောင်းသွားခဲ့ပြီ။ Don Chafin ဟာ သူ့ရဲ့ကိုယ်ပိုင်စစ်တပ်ကို ဘလဲရားတောင်အနီးတဝိုက်မှာ တပ်စွဲဝိုင်းရံထားလိုက်ပြီး အလုပ်သမားပုန်ကန်မှုကို ဖြိုခွဲခဲ့ပါတယ်။ သမဂ္ဂ ကို စာနာနားလည်ထောက်ခံတဲ့ ပြည်သူတွေကိုလည်း ရှပ်ပယ်မြို့အနီးတဝိုက်မှာ ပစ်ခပ်ခြိမ်းခြောက်ခဲ့တယ်”

အိမ်ပြန်ဖို့ကြိုးစားနေတဲ့ အလုပ်သမားတွေဟာ Don Chafin ရဲ့ စစ်ဆင်ရေးကြောင့် ဘလဲရားတောင်ဆီကို ပြန်လည်ဆုတ်ခွာ ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒွန်ချဖင် ဟာ အဆိပ်ငွေ့ဗုံးတွေကို ရှပ်ပယ်မြို့၊ ဂျက်ဖာရီမြို့နဲ့ ဘလဲရာတောင်တဝိုက်စီမှာ ပစ်ချပြီး အလုပ်သမားတွေကို ဒရစပ်ထိုးစစ်ဆင်ခဲ့ပါတယ်။

“ ကျနော်တို့ကို တွင်းပိုင်တွေရဲ့ ပုဂ္ဂလိက စစ်တပ်တွေက ထိုးစစ်ဆင်နေခဲ့ကြသလို၊ အမေရိကန်ဖက်ဒရယ်အစိုးရ စစ်တပ်နှစ်တပ်ကလည်း ပုန်ကန်မှုကိုဖြိုခွဲဖို့ရောက်ရှိလာခဲ့တယ်။ သူတို့နဲ့ ကျနော်တို့ကြားမှာ လက်နက်အင်အားခြင်းက အဆမတန်ကွာနေတယ်။ ဒီစစ်ပွဲအတွင်းမှာ ကျနော်တို့ရဲ့တန်ဘိုးရှိတဲ့ သတ္ထုတွင်းအလုပ်သမားတွေအသက်ပေါင်းများစွာ ဆုံးရှုံးနိုင်တယ် ဆိုတဲ့အချက်တွေကိုတွေးပြီး၊ သမဂ္ဂခေါင်းဆောင် “ဘီလ် ဘလစ်ဇတ်” က အလုပ်သမားတွေကို အိမ်ပြန်ကြဖို့ တိုက်တွန်းနားချခဲ့ပါတယ်။

ဘလဲရားတောင်တိုက်ပွဲအပြီးမှာတော့ အလုပ်သမား ၉၈၅ ယောက် ဟာ လူသတ်မှု၊ ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်မှု၊ အနောက်ဗာဂျီးနီးယားပြည်နယ်အပေါ်သစ္စာဖောက်မှု--- စတဲ့စွပ်စွဲချက်တွေနဲ့အတူ ထောင်ဒဏ်အသီးသီး အပြစ်ပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ သမဂ္ဂခေါင်းဆောင်တွေဟာ ဥပဒေတွင်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွဲကြပါတယ်။ “ဘီလ်ဘလစ်ဇတ်” ဟာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို သက်သေခံအဖြစ်ပြပြီး၊ ပုဂ္ဂလိက ကုမ္မဏီတွေနဲ့ ဖက်ဒရယ်အစိုးရရဲ့ ရက်စက်မှုတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

“ဘလဲရားတောင်တိုက်ပွဲဟာ ဖြိုခွဲခံရမှုနဲ့အဆုံးသတ်ခဲ့ပေမဲ့ အကျိုးဖြစ်ထွန်းမှုက အများကြီးပဲလေ။ ဥပမာ- တိုက်ပွဲကာလအတွင်းမှာ တခြားပြည်နယ်တွေက ထောင်ပေါင်းများစွာရှိတဲ့ အလုပ်သမားတွေဟာ အနောက်ဗားဂျီးနီးယားပြည်နယ်ဆီကို ခြောက်ရက်နီးပါးချီတက်ထောက်ခံ အားပေးခဲ့ကြတယ်။ တခြားပြည်နယ်တွေမှာလည်း၊ အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းခဲ့ကြပြီး ပုဂ္ဂလိက ကုမ္မဏီတွေရဲ့ ရက်စက်မှုတွေကို ပြန်လည်အာခံကြတယ်။ ၁၉၃၀ လောက်ကတည်းက သံမဏိ အလုပ်သမားသမဂ္ဂဟာ အားကောင်းလာခဲ့သလို၊ အမေရိကန်အလုပ်သမားဖက်ဒရေးရှင်း ကို စတင်ဖွဲ့စည်းဖို့ကြိုးစားခဲ့ကြတော့တယ်။ နှစ်ပေါင်း ၆၀ အတွင်းမှာ အမေရိကန်အလုပ်သမား ဖက်ဒရေးရှင်းဟာ ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို ပြန်လည်ချိန်ခွင်လျှာ ညှိနိုင်တဲ့ အဖွဲ့အစည်းတခုဖြစ်လာခဲ့တယ်။ ဘလဲရားတောင် ကိုလည်း အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းဝင်နေရာတခုအဖြစ် သဘောထားပေးဖို့ အဆိုတင်သွင်းခဲ့ကြတယ်လေ။”

သောတရှင်များခင်ဗျား

လွန်ခဲ့တဲ့ အနှစ် (၉၀) က ဘလဲရားတောင်တိုက်ပွဲမှာ ကိုယ်ပိုင်စစ်တပ်၊ ဗုံးကြဲလေယာဉ်တွေနဲ့ အဆိပ်ငွေ့တွေကို သုံးပြီး သတ္ထုတွင်းအလုပ်သမားအပေါ် ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွဲခဲ့တဲ့ ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးတွေဟာ သဘောထားပျော့ပြောင်း ရင့်ကျက်သွားခဲ့ပြီး လူသားဆန်ဆန်စီးပွား ရှာနေကြပြီ လို့ ထင်မြင်နေမိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။

“ မကြာသေးခင်ရက်များအတွင်းက Massey စွမ်းအင်ကော်ပိုရေးရှင်းဟာ ကျောက်မီးသွေး တူးဖေါ်ရေးကို ပိုမိုလုပ်ကိုင်မဲ့ စီမံကိန်းကိုကြေငြာခဲ့တယ်။ သူတို့ရဲ့အစီအစဉ်အရဆိုရင်၊ ဘလဲရားတောင် ကို ဖောက်ခွဲပစ်မယ်။ အကျိုးဆက်ကတော့ သစ်တော ဧက တသန်းကျော်ပျက်စီးမယ်။ အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူတွေအတိဒုက္ခရောက်ကြတော့မယ်။ အမေရိကန်အလုပ်သမားလှုပ်ရှားမှုရဲ့ သင်္ကေတတခု ကို ဖျက်ဆီးပစ်မဲ့စီမံကိန်းတခုဖြစ်သလို၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေရဲ့အတောမသတ်နိုင်တဲ့ လောဘ ကို အထင်အရှားတွေ့ရမှာဖြစ်တယ်။ ဒီလောဘနောက်ကွယ်က လူ့အဖွဲ့အစည်းအပေါ်ဆင်နွဲမဲ့ စစ်ပွဲရဲ့ အငွေ့ အသက်တွေကို ခံစားသိမြင်နေရသလိုပဲ”

၂၀၁၁ ဂျွန်လ မှာတော့ ပြည်နယ်အသီးသီးက သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ၊ တက္ကသိုလ်ကျောင်း သူကျောင်းသားတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ ဘလဲရားတောင်ကို ဖောက်ခွဲ ပစ်ချင်တဲ့ မက်စီ စွမ်းအင်ကော်ပိုရေးရှင်းရဲ့ အလိုရမက်ကြီးမှု၊ လူသားမဆန် မှုတွေကို ကန့်ကွက်တားဆီးဖို့အတွက် ဘလဲရားတောင်ဆီကို ဦးတည်လိုက်ကြပါတယ်။ “ အသက် (၈၀) အရွယ် မသန်မစွမ်း အဖွားအိုတွေက အစ ဘီးတပ်ကုလားထိုင်နဲ့လာပြီး ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ကြတယ်။ တကယ်တော့ဗျာ။ စွမ်းအင်ကော်ပိုရေးရှင်းကြီးတွေဟာ (၁၀) နှစ်အတွင်းမှာ အမြတ် (၂) ဆတိုးပြီး စီးပွားဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က စိတ်မကျေနပ်နိုင်ကြသေးဘူး။ ခေတ်မှီစက်ပစ္စည်းတွေကို အစားထိုးထည့်သွင်းမယ်။ အလုပ်သမားအင်အား ဆယ်ပုံတပုံကိုလျော့ကြပြီး အမြတ်ပိုမိုရအောင် လုပ်ကြမယ်။ ကုမ္မဏီတခုက ချမ်းသာကြွယ်ဝလွန်းနေခဲ့ပေမဲ့၊ ကျနော်တို့ဒေသက ပြည်သူများစွာကတော့ အိုးမဲ့အိမ်မဲ့ဖြစ်၊ လူတွေဖန်တီးတဲ့ ဘေးအန္တရာယ်တွေနဲ့ကြုံတွေ့၊---- ဘာပဲဖြစ်ဖြစ် ဒီလူု့အဖွဲ့အစည်း ကိုပြောင်း လဲပစ်ဖို့ကြိုးစားရမယ်”

သောတရှင်များခင်ဗျား

ဗမာပြည်မှာ စစ်အစိုးရ နဲ့ သူတို့ရဲ့အဆွယ်အပွား စီးပွားပူပေါင်းရှာဖွေလုပ်ကိုင်နေသူတွေကသာ ချမ်းသာ ကြွယ်ဝနေခဲ့ပေမဲ့ ကျနော်တို့ပြည်သူလူထုကတော့ စားဝတ်နေရေးကြပ်တည်းသထက် ကြပ်တည်း လာခဲ့ပါတယ်။ “ မပြေလည်တဲ့ဘဝရှင်သန်မှုတွေကို တချို့က စာနာသနားကြတယ်။ ဒါပေမဲ့ ကိုယ့်အခွင့် အရေးကိုပြန်လည်ရဖို့ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်က ရုန်းကြွတော်လှန်မှ ရနိုင်တဲ့အရာလေ” တဲ့။

ဘလဲရားတောင်ဆီက သတ္ထုတွင်းအလုပ်သမားကြီးရဲ့ မျက်ရည်ကြားက ရင်ဖွင့်သံတွေ- သောတရှင်တို့ ခံစားနားလည်နိုင်ကြပါစေ။

အောင်မိုးဝင်း

No comments: