Friday, June 24, 2011

ကြားရတဲ့သတင်းတွေမကောင်းဘူး

ဒီလက်မျိုး

ကြားရတဲ့သတင်းတွေမကောင်းဘူး။
နောက်ဆုံးပေါ်စစ်ဆင်ရေးနဲ့
၁၀နှစ်ကျော်ပုန်းအောင်းနေတဲ့
တာလီဘန်ခေါင်းဆောင်
အိုစမာဘင်လာဒင်ကို အသေဖမ်းမိသတဲ့
ကြားရတဲ့သတင်းတွေမကောင်းဘူး။
အနီးဆုံးလူရှိရာကို လာခဲ့တဲ့
တေးမြုံငှက်ကလေးတကောင်
ဘန်ကောက်မြို့တော်ကြီးထဲမှာပျောက်ဆုံးသွားသတဲ့
ကြားရတဲ့သတင်းတွေမကောင်းဘူး။


အယ်ဒီတာတယောက်
အသံဖမ်းစက်ကိုင်ရင်း
ဆူရှီလိပ်တွေကြားထဲ နစ်မွန်းသွားသတဲ့
ကြားရတဲ့သတင်းတွေမကောင်းဘူး။
သူငယ်ချင်းတယောက်
လမ်းပျောက်စရှာရင်း
အမေရိကလိုတိုင်းပြည်မှာ
ပေ၃၀အမြင့်က ခုန်ဆင်းသွားသတဲ့
ကြားရတဲ့သတင်းတွေမကောင်းဘူး။
လူက လူချင်း
ဘ၀က ဘ၀ချင်း
လွတ်မြောက်ခြင်းမရှိတဲ့ တိုင်းပြည်မှာ
အပျော်ဈေးသည်မရဲ့ ပါတိတ်ထမီနဲ့ တူတဲ့အလံရှိသတဲ့
ကြားရတဲ့သတင်းတွေ မကောင်းဘူး။
သူ့ကိုကူညီပါ့မယ်တဲ့
လှလှပပလေးပါပဲ ပြေးထွက်သွားခဲ့တဲ့
လမင်းသာသာညမှာ
လမင်းနဲ့လမင်း ရင်ချင်းအပ်သေခဲ့ကြတယ်တဲ့
ကြားရတဲ့သတင်းတွေ မကောင်းဘူး။
သူတလူ ငါတမင်း
နေချင်တိုင်း နေခဲ့တဲ့မြို့မှာ
ဆင်းရဲမွဲတေခြင်းက ဖောသီလိုက်တာတဲ့
ချမ်းသာသူတွေက ကြွယ်ဝလိုက်တာတဲ့
ညနေခင်းတွေ တိမ်တောက်လိုက်တာတဲ့
ကြားရတဲ့သတင်းတွေ မကောင်းဘူး။
အာရုဏ်တက်ဟာ
သူ့မနက်ခင်းကို အဖေါ်လုပ်ရင်း
ပျော်စေရာပျော်တော့လို့ ပြောတဲ့သူငယ်ချင်းတွေနဲ့
သွားလိုရာ သွားခဲ့တယ်ပါ့
ပျော်ပွဲစားလိုလို
မနက်ခင်းရဲ့ ထမင်းစားပွဲလိုလို
ဟော်နန်းတော်ရဲ့ပြည့်စုံပွဲလိုလို
ထီးသုန်းနန်းသုံးတွေလည်း ပါရဲ့
မင်းကြိုက်စိုးကြိုက်တွေလည်း ပါရဲ့၊
ပြည့်ပြည့်စုံစုံပြောရရင်
အားလုံးသောလူတန်းစားတွေရဲ့ပါတဲ့ ပွဲ
ဒီပွဲက တကယ်ဖြစ်ခဲ့တယ်တဲ့။
ကြားရတဲ့သတင်းတွေမကောင်းဘူး။
အိပ်စမ်းပါ လူကလေးရဲ့
အဖေကိုယ်တိုင် သိပ်တဲ့ညမှာ
ဆိုခဲ့တဲ့ တေးခေါင်းစဉ်က
ကြားရတဲ့သတင်းတွေ မကောင်းဘူး။

1 comment:

shwe said...

ကြားရတဲ့သတင်းတွေမကောင်းဘူး
ဗုံးတွေတလုံးပြီးတလုံးပေါက်နေတယ်