၁၉၈၈ ခုနှစ်လူထုအုံကြွမှုကာလတွင် စင်ပေါ်သို့ လူအတော်များများတက်လာကြ၏။ ကိုယ်သန်ရာသန်ရာ ထောင့်များမှနေ၍ လူထုအားစည်းရုံးသိမ်းသွင်း လှုံ့ဆော်ခဲ့ကြ၏။ သို့နှင့် ကျနော်တို့လည်း ထိုသူများအနက် သင့်ရာတော်ရာသူများအားဖိတ်ကာ တရားပွဲတွေလုပ်ဖြစ်၏။ တကြိမ်တွင် အခြားသူများနှင့်အတူ ဆရာဘိုင်အိုမင်းသစ်လည်းပါ၏။ တယောက်ပြီး တယောက် ဟောကြပြောကြရင်း သူ့အလှည့်ရောက်တော့ သူက သူဟောမည့်ပရိသတ်သည် လူကြီးများမဟုတ်ကြောင်းအစချီကာ မူလတန်းအလယ်တန်းကလေးများအား ရှေ့ဆုံးတွင် နေရာ ယူစေ၏။ ထို့နောက် လူကြီးများအား တရားဟောမည်မဟုတ်ကြောင်း၊ သူနှင့်ကလေးများအမေးအဖြေသာ လုပ်မည်ဖြစ်ကြောင်း၊ လူကြီးများ ကိုယ့်နေရာကိုယ်နေပြီး သူနှင့်ကလေးများကိစ္စတွင် ဝင်မပါစေလိုကြောင်းဆို၏။
စစခြင်း သူက "သားတို့သမီးတို့ရေ..ဗိုလ်မင်းရောင်ခေါ်ဗိုလ်လရောင်ကို သိကြသလား” ဟု မေး၏။ ကလေးများက “သိပါတယ်.. သိပါတယ်”ဟု ဆိုတော့ “သိရင် ဘယ်သူလဲ” ဟု ထပ်မေး၏။ ကလေးတို့က “ဗိုလ်ချုပ်အောင်းဆန်းရဲ့အဖိုးပါ” ဟု အုံးအုံးကြွက်ကြွက် ပြန်ဖြေ၏။ “ဒါဆိုရင်.. “ဦးဖါနဲ့ဒေါ်စုကိုရော” ဟုမေးတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်း အဖေနဲ့အမေပါ” ဟု သံပြိုင်ဖြေပြန်၏။ “ဒါဖြင့် နောက်ဆုံးတခုမေးမယ်” ဟုဆိုပြီး “ဒေါ်အောင်ဆန်းစုကြည်ကိုရော” ဟုထပ်မေးပြန်၏။ ကလေးတို့ ကလည်း သိကြောင်းပြောပြန်၏။ “သိရင် ပြော.. ဘယ်သူလဲ” ဟုဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းသမီးပါ” ဟု သံပြိုင်ပြန်ဖြေ၏။
“မင်းတို့ကလည်း အကုန်သိနေတော့တာပါပဲလား” ဟုဆိုကာ နဖူးကိုလက်ဖြင့်ရိုက်ပြီးနောက် “ကဲကွာ ဒါလောက်တောင် သိတဲ့ကောင်တွေ” ဆိုပြီး “ဦးနေဝင်းကိုရောသိကြလား” ဟု အသံမြှင့်ပြီးမေး၏။ ကလေးတို့ကလည်းအားကျမခံ အသံကုန်အော်ပြီး “သိပါတယ် သိပါတယ်” “ပါတီဥက္ကဋ္ဌကြီးပါ..ပါတီဥက္ကဋ္ဌကြီးပါ” ဟုပြောပြန်၏။ “ဟာ..ဒီကောင်တွေ သိပြန်ပြီ။ ကဲကွာ ဒါဆို ပြောကြစမ်း အဲဒီ ဥက္ကဋ္ဌကြီး အဖေနဲ့အမေ နာမည်တွေ” ဟုလည်းဆိုလိုက်ရော ကလေးတို့ဆီက ဘာသံမှထွက်မလာတော့။ အားလုံးတိတ်ပြီးငြိမ်ကျသွား၏။ သည်တော့မှ သူက “အဲဒါပဲ… ရှေးလူကြီးတွေပြောတဲ့ လူမှာအမျိုးကြက်မှာအရိုးဆိုတာ..” ဟု ပိတ်ချလိုက်တော့၏။ ကလေးပရိသတ်က ကြောင်နေဆဲ၊ လူကြီးပရိသတ်ထံမှ လက်ခုတ်သံတွေတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ် သံတွေတရွှီရွှီ၊ ပရိသတ်ကားပတ်တုတ်လို့မရတော့။
လောကတွင် လူတို့ မွေး၏။ နေ၏။ သေ၏။ ဘာမှမဆန်း။ သို့သော် လူတဦးခြင်းစီအလိုက် အမွေး၊ အနေ၊ အသေတွင်မူ ယုတ်ခြင်း၊ လတ်ခြင်းနှင့်မြတ်ခြင်းရှိ၏။ လူတို့က လူတဦးချင်းစီ၏ တန်ဖိုးဆိုသည်ကိုလည်း ထို အယုတ်၊ အလတ်၊ အမြတ်နှင့် အမွေး၊ အနေ၊ အသေ ဆိုသည့် နှုန်းစံတို့ဖြင့်ချင့်တွက်ကြ၏။ လူတို့အတွက် မဆန်းသောကိစ္စသည် လူတဦးချင်းစီအတွက် ထူး၏။
မမွေးခင်ကပင် သန္ဓေမြတ်နှင့်သူ၊ မွေးမွေးခြင်း လောကကောင်းချီးရသူတို့အကြောင်း ဗုဒ္ဓဝင်၊ ခရစ်ဝင်နှင့် ကိုရ်အန်ကျမ်းစာ များ၌သာမက သူမြတ်တို့အကြောင်း စာပေများတွင်ပါတွေ့ရ၏။
ထိုမျှ မကြီးမြတ်ငြားလည်း ထိုက်သလောက်ကြီးမြင့်သူတို့၏ နေခြင်းအတွက် လောကဝမ်းမြောက်ရသလို၊ ထိုသူတို့ ၏သေခြင်း၌ လောကနာကျင်ရ၏။ ထိုသူတို့နေခြင်းအား ကမ္ဘာမြေသည်အမွန်မြတ် အထွဋ်တပ်သလောက် ထိုသူတို့သေခြင်းအား သင်္ခါရတို့၊ အနိစ္စတို့နှင့် နှလုံးသွင်းသည့်တိုင် စုပ်တသတ်သတ်ဖြစ်ရ၏။ “အသေစောလိုက်တာ” ဆိုသည့်မြည်တမ်းသံသည် ထိုသူတို့အားအကြောင်းပြု၍လာခြင်း ဖြစ်တန်ရာ၏။
မမွေးခင်ကပင် သန္ဓေယုတ်နှင့်သူ၊ ဖွားသည့်မိခင်၏ ဝမ်းရည်စပ်ရသူတို့အကြောင်းလည်း လောကီနှင့်လောကုတ္တရာ စာပေတို့တွင် တွေ့ရ၏။ ထိုသူတို့မွေးဖွားလာခြင်းအတွက် လောကညည်းတွားရသလို ထိုသူတို့သေဆုံးခြင်း၌ ပီတိဖြစ်စရာမဟုတ် သည့်တိုင် လောကဝမ်းမြောက်ရသည်လည်းရှိ၏။ “သက်ဆိုး(ဇိုး)တော်တော်ရှည်ခဲ့တာ” ဆိုသည့် ငြီးတွားသံသည် ထိုသူတို့အား အကြောင်းခံခြင်း ဖြစ်တန်ရာ၏။
ကျနော်တို့သည် “အသေစောလိုက်တာ” ဟု ဆိုစမှတ်တွင်လောက်အောင် ကြီးမြတ်သူတို့နှင့် ထိုက်တန်သူများဖြစ်သလို၊ “သက်ဆိုး(ဇိုး)တော်တော်ရှည်” များနှင့်လည်း နေနေရ၏။
ကျနော်တို့တွင် ကနောင်မင်းသားကြီးကိုရခဲ့ဖူး၏။ တန်ဖိုးထားရကောင်းမှန်းမသိသူတို့လက်ချက်ဖြင့် သူရောသူ့နိုင်ငံပါ ဆုံးရှူံးခဲ့ရဖူး၏။ ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်း မသိသူတို့လက်ချက်ဖြင့် သူရောသူ့ တိုင်းပြည်ပါနစ်နာနေရ၏။ ကျနော်တို့တွင် ယခုခေါင်းဆောင်တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ်တတွက်တွင် ထိုခေါင်းဆောင်၏အသက်တာသည် ရေပွက်ပမာဖြစ်မသွားဟု မည်သူမှ မဆိုနိုင်ကြ။ သောကဖြင့် အကောင်းကိုမျှော်ကြည့်ရခြင်းသည် ပူလောင်၏။ ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲဖြစ်ရ၏။ အပူကင်းအကောင်းမြင်၊ ဧကစိတ်ချင့်ချင့်ရဲရဲဖြင့် ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာဆိုချင်၏။
မျိုးမြင့်ချို
No comments:
Post a Comment