KMThet
Saturday, 25 June 2011 at 23:50
ကောင်မလေးရေ
ဒေါ်လာဈေးတွေ ကျတဲ့အချိန်မှာ
ဂျိမ်းစ်ဘွန်းနာရီ ဟာ
မှားချင်မှားမှာပေါ့။
ချစ်တာ တခုတည်းဘဲ
သိတော့တဲ့
ငါ့ရဲ့ ရင်ခုန်သံနာရီဟာ
မှားမှာ မဟုတ်တာ
သိပ်သေချာပါတယ်။
ဒါပေမယ့်
သူဟာ တိုင်တွေ ပတ်ပြီး
အမြဲနောက်ကျ တတ်လေရဲ့ ။
အရက် မသောက်လိုက်ရတဲ့ မြို့ တမြို့ တဲ့။
ကျနော့အတွက် က တော့
ကံကောင်းလို့ ရထား နဲ့ မတိုက်မိခဲ့တဲ့ မြို့။
အရက်မသောက်လိုက်ရတဲ့အဲဒီမြို့ ထဲ
အရက်မူးနေခဲ့တဲ့ ကောင်
တိုက်တော့မယ် ဆိုရင်
သေးသေးမွှားမွှား နဲ့ 
ဘယ်တော့မှ မတိုက်မိတတ်ဘူး
ဆရာ မောင်ချောနွယ်နဲ့ မဆုံခဲ့ရတာ ကံကောင်းတယ်။
သူသာ ရှိနေခဲ့ရင်
အဲဒီရထား ကျနော့ ကို
နင်းသွားမလား မပြောတတ်
မူးလာပြီဆိုရင် မျက်လုံးက
အဲသလို
ခုချိန်အထိ
ရထားလာချိန်မှာ လမ်းအတားလေး
ရှိပါလေစ
သူငယ်ချင်းတွေ ဆွဲထားလို့ သာ
ကျွန်တော့ဘာသာ ဆိုတိုက်ပစ်မယ်
တောင်းပန်ပါတယ်
(တကယ် မမြင်လို့ ပါ ရထားကြီးရယ်)
အဲဒီချိန် ကောင်မလေးတွေ လှတာ ဘာဆန်းလဲ။
ဒါပေမယ့် ကမ္ဘာပေါ်မှာ
ရုပ်အဆိုးဆုံးဟာ
မြောက်ကျွန်းသူ ဖြစ်တယ်။
အသက် ၃၀ ကျော်ရင်
ကြည့်မကောင်းတော့ဘူး
ကုလ သမဂ္ဂကြီးစေတနာမှန်ရင်
ငါ့ကို အိမ်ပြန်ပို့ ပေးမှာလို့  ယုံကြည်ရင်း
ငါဟာ
ဘာကို မှ မယုံချင်တော့တဲ့အချိန်
ဒုက္ခရောက်လို ဒုက္ခသည်လျှောက်ခါမှ
ဒုက္ခစစ်စစ်တွေ ဘဲငါရခဲ့တယ်
နောက်တခါ ပြန်လျှောက်ဖို့ ရာ
ခွင့်ပြုမှာလား
မြန်မာ ပြည်မှာ ခိုလှုံရပါလို ၏
အရာ ရာ ချွင်းချက်မဲ့နေရင်
ဒုက္ခသည်တောင် မဖြစ်ဘူး
ကလိမ်ကကျစ်တွေ ရဲ့ ထောင်ထဲပို့ ဖို့ 
အကြိမ်ကြိမ် ကြိုးပမ်းမှုတွေကြား
ပါးပါးလေး လဲ လှိမ့်တတ်သွားပြီ
ကျန်ခဲ့ပါ
ငါသွားပါရစေ
အသက်ရှုစရာ ကဗျာ တပုဒ်တောင် မဖတ်ရတဲ့ ဘ၀ထဲ
ငါမနေရဲလို့ ပါ။
တခါကတော့
မျောက်ဖြစ်ခဲ့ရင်တောင်
သွေးစက်နဲ့ လမ်းပြချင်ခဲ့သူ
လွတ်လပ်ချင်သူ
ဘာတွေ ရပြီလဲ
နာ၇ီတွေဘဲ ကျပျောက်သွားခဲ့
ဒီလို နဲ့ အဆဲခံရမယ့် အချိန် ဟာ နီးလာခဲ့ပြီ။
အရက်သောက်တာ တခုက
လွဲရင်လို့ 
ဟိုတုန်းက ကြွေးကြော်ခဲ့ပေမယ့်…
တဖက်မှာလဲ
သင်္ကန်းဝတ်ဘုန်းတော်ကြီးတွေ
ငါ့ထက် အကျင့်သိက္ခာ မြင့်သူတွေ
ပညာ အတွေးအခေါ်သာသူတွေ
တယောက်ပြီး တယောက်
ရောက်သွားခဲ့တဲ့နေရာ
ငါတို့ နိုင်ငံရေးဟာ
ဘာလဲ
အတူတူ နဲ့ အနုနု ဟာ
တယောက်ကို တယောက်
အသာ မရဘဲ
ပွဲဆက် ရှည်သထက်သာ
ရှည်လာခဲ့
ကမ္ဘာမှာ
လူမိုက်နဲ့ လူလိမ္မာ
လူမိုက်သာ များတယ် တဲ့ သိစ္စည်းဆရာကြီး
ယုံသလို
ငါလဲ ယုံတယ်
များသူ ဆုံးဖြတ်
အင်အားသာ အမှန်တရား
ငါက တော့ ဒီမိုကရေစီကို
မယုံတော့ဘူး
ယေရှုခရစ်ကို ကားစင်
ပို့ တာ တိုက်ရိုက်ဒီမိုကရေစီပါလို့ 
တခါတခါ အူကြောင်ကြောင်တောင်
တွေးတတ်သေး
အယူဝါဒ တွေကို မြည်းစမ်းရင်း
လမ်းပျောက်နေမှာ နဲ့စာရင်
လွတ်လပ်မှုကို ယုံတယ်
ကိုယ့်ကျင့်သိက္ခာ
တရားကို ယုံတယ်
တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို
ယုံတယ်
သစ္စာတရားကို
ယုံတယ်
ချစ်ခြင်းမေတ္တာကို ယုံတယ်
နယ်ချဲ့ ဝါဒ ကျဆုံးပါစေ ဆိုတာ
ဆုတောင်းခွင့်မရှိတော့တဲ့
ကမ္ဘာ့အခင်းအကျင်းမှာ
ငါ မသယ်ဆောင်နိုင်တော့တဲ့
ဒုတိယ လွတ်လပ်ရေး အတွက်
များများသေကြမှ မြန်မြန်တရား
ရကြမယ်လို့ 
ငါဟာ တခါတခါ မိုက်မဲ
စွာ စဉ်းစားမိရဲ့ ။
ကမ္ဘာမှာ မရှိတဲ့အရာကို
ရှာဖွေနေရင်း
သူရဲ ကောင်းဝါဒ ကမလွတ်မြောက်နိုင်သူတွေကြား
ငါလဲ သူ လို ငါလို
လုပ်ချင်တာကို ဘဲ
လုပ်သွားသူတွေရဲ့ သမိုင်းဟာ
လုပ်ချင်တာဟာ လုပ်သင့်တာသာ
ဖြစ်တော့မပေါ့
လက်တွေ့ ဘဲလုပ်ချင်တဲ့သူက
လက်တွေ့ ကျကျ စဉ်းစားနေစရာ
မလိုတော့ ဘူး။
မှားတဲ့အခါ လဲ မှားဘူးမှာပေါ့
ဒါပေမယ့် မဟုတ်တာ
ဘယ်တုန်းက မှ ရည်ရွယ်ပြီး
မလုပ်ခဲ့သမျှ
မှန်နေမှာဘဲ။
ငါကြောင့်ဘယ်သူတွေ
နစ်နာခဲ့ကြသလဲ တခါတခါ
စဉ်းစားရဲ့ 
ကိုယ်ကို ကိုယ်တော့
ဘယ်တော့မှ အပြစ်ပေးစရာ မတွေ့ 
ဘယ်တော့မှ လဲ တွေ့ နိုင်မှာ မထင်ပါဘူး။
သေချာတယ်
ငါ့ကို ဘာသာ ပြန်မမှားသမျှတော့
အနည်းဆုံး မိတ်ဆွေကောင်းရဖူးကြတယ်။
လည်ထွက်သွားပြီဆိုရင်
ပြန်လှည့်မရတဲ့ စိတ်အခံကလေး
တခုက လွဲရင်
ဟာသ တွေ ပြောပြီး
ပျော်ပျော် နေတတ်တဲ့ကောင်ပါ။
ပြန်ပေးသာ သာ လောကဇာတ်ကွက်တွေထဲမှာ
ဓါးစာခံဖြစ်လိုက်
ဗီလိန်ဖြစ်လိုက်
တခါတခါ ထူးအိမ်သင်ရဲ့ သီချင်းကို အော်လိုအော်
ဒါဟာ ငါမဟုတ်ဘူး
ဒါဟာငါ့ရဲ့ အရိပ်တွေ
တခါတခါ
ပြည်လှဖေ ရဲ့ ကို
တံငါနဲ့ 
ငါးမပါတဲ့ အိမ်ပြန်ခရီးမှာ
လောကကြီးက ငါ့ကို
ရေချိုးသွားလေရဲ့ 
ယတြာကျေတာပေါ့ကွာလို့ 
တခါတခါ တွေးလို တွေး
ဒါဟာ မွေးဖွားခြင်းလဲ
ဖြစ်နိုင်သေးတာဘဲ။
သတ္တ၀ါမှန်ရင်တော့
ရှင်သန်ခြင်းကို ဖက်တွယ်
သေခြင်း ရှင်ခြင်း
ထူးမခြားနားတဲ့
ဘ၀ နေထိုင်နည်းတွေထဲမှာ
ငါ ဟာ ဘယ်တော့မှ အသားကျအောင်
ကြိုးစားနေမှာ မဟုတ်ပါဘူး။
ပျော့တိ ပျော့ဖတ်နဲ့ ကြောက်တတ်တဲ့ ကောင်ပါ။
အရှက်ကွဲမှာကို ကြောက်
သိက္ခာမဲ့မှာကို ကြောက်
ငရဲကို ကြောက်
လူလိမ်ခံရမှာ ကို
ကြောက်သလို
ရဲကို လဲ ကြောက်ပြန်ရော
အဖြူကောင်တွေ ရဲ့ ကလီကမာတွေကို
လဲကြောက်သေးရဲ့ 
ဒီလို နဲ့ ငါကြောက်တာတွေကိုဘဲ
ငါဟာ ပြန်ပြန်ဖြဲ
တတ်ခဲ့ပြီ
အဲဒီလို လုပ်မှ ကိုယ်
ရှိန်သတ်တာ
လူဆို တဲ့ သတ္တ၀ါဆိုတာလဲ
သေချာသွားခဲ့တယ်။
ငွေလိုတဲ့ ခေါင်းစဉ်တခုတည်းနဲ့ 
ပင်လယ်ကြီးကို မြှားမိခဲ့သလား
အဲဒီချိတ်မှာ တပ်ထားတာ
ငါ့နှလုံးသား ပါ ကောင်မလေး ရယ်
မင်း မမှားပါဘူး
သိပ်တွေးမနေပါနဲ့ 
စက်ဘီးထုတ်
ပြီးတော့ ဘတ်စကားတွေ ပေါ်
မင်းကို အရင် တက်ခိုင်းသလို
စက်ဘီးပေါ်လဲ မင်းဘဲ
အရင်တက်ပါ
လက္ဖက်ရည်ဆိုင် သွားကြမယ်
ငါ ကမိန်းကလေးတွေကို
ဦးစားပေးတတ်လို့ 
ဖြည်းဖြည်းဘဲ သွားရတော့မယ့် အချိန်မှာ
အမြန်ယာဉ် ဟာ အပို ပစ္စည်း
ငါ က လမ်း လဲ မလျှောက်ချင်တော့ဘူး
မုန့် ဟင်းခါး တခွက် ကို ၂ ယောက်စားရင်း
ကမ္ဘာပြားခြင်းအကြောင်းကို
ငါ့ကို ပြောပြပေတော့
ဘာလဲ မိတ်ဆွေ
မကျေနပ်ရင်
ငါသေတဲ့အခါ
မှတ်တိုင် အပြန်သာ
စိုက်လိုက်ပေတော့.....
ဒါဟာ ဒီအရပ်မှာတော့
ရေလိုက် ငါးလိုက်
ညီမျှခြင်းဖြစ်တယ်။
No comments:
Post a Comment