Written by တာကောဒီ |
ရာဇဝင်လို အိုမင်းတဲ့ တောင်ပူစာ တလုံးရဲ့ နဘေးမှာ ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ် အဲဒိနံဘေးမှာ အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ် မှော်သေတ္တာထဲမှာ . . . ကြယ်ရောင်တွေကို မြှုပ်ထားတယ် ၀တ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ် ခြေတစ်ဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ် ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ် မှော်သေတ္တာထဲမှာ ကမ္ဘာကြီးအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား ချန်ထားရစ်တဲ့ ကိုချိုကြီးကို မြှုပ်ထားတယ် တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ် သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ် ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ် . . . . . . . . မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . . မှော်သေတ္တာထဲမှာ လူသေတွေထုတ်လုပ်တဲ့ ဆေးရုံ တစ်ရုံ မြှုပ်ထားတယ် (၂) သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ ဆေးရုံဟာ အစားကြူးလွန်းလှတယ် ရှေ့တည့်တည့်က လှမ်းကြည့်ရင် လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး အမိုးခုံးခုံးတို့ ကုန်းရုံးထ ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ တံခါးမကြီးက . . အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက် နီရင့်ရင့် သံတိုင်တွေက သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့ အပေါ်ထပ်က လှမ်းကြည့်ရင် စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ် ခြေတံရှည်တဲစု ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား နွားတချို့မြက်စား အေးအေးလူလူ ဒီ . . သက်ငြိမ် ပန်းချီကားချက် ညနေ . . ညနေ . . မှုံငေး မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ ရဲဘက်စခန်း မပြန်ချင်လို့ ဒီနေရာကနေ ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ် ခါးလျားရှည် လှေကားနှစ်စင်းဟာ သူ့အပေါ်နင်းဖြတ်သွားသူတွေလို အိုမင်း . . ချိနဲ့ တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ အပေါ်ထပ်နှင့်အောက်ထပ်ကို အလျားမှောက် ဆက်သွယ်ထားတယ် အောက်ထပ်မှာ . . အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက် မာသာထရီဆာနဲ့ လူထုဒေါ်အမာ သိမသွားရှာတဲ့ ခေါင်းတလားလိုမျိုး ရှည်မျောမျော အခန်းတစ်ခန်းရှိတယ် အဲသမှာ . . သေအံ့မူးမူး လူနာတွေ တွား . . တွား . .တက်လာတဲ့ ဆင်သင်္ချိုင်းလို့ခေါ်တဲ့ ကွပ်ပျစ်တလုံးရှိတယ် . . အဲသမှာ . . အခင်းမရှိ . . စောင်မရှိ ရက်စက်တဲ့ လာနီညာ ဆောင်းညများ ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . . နေ့စဉ် . . ညစဉ် . . တဖြုတ်ဖြုတ်ကြွေ . . . အဲသမှာ . . နိုင်ငံရေးအကျဉ်းသား ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် . . ဆရာသင်း ဆေးကုပေးခဲ့တယ် ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ် ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ် ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . . အဲသမှာ . . အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့ အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက် သံကြောင်ဟစ်ကြေညာနေတုန်း ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့ ကလေးမြို့က . . ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့ အိမ်ခြေရာခြေမဲ့ . . သာတီဖိုက် မောင်ကို အသက်ငင် . . နေရှာ . . ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . . စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . . မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့် ဖျာလိပ်ခေါင်းထဲမှာ ခြေလေးချောင်း ရှိနေမှာသေချာ . . ။ ဆေးရုံဟာ အခင်းအကျင်းတွေ အတင်းအဖျင်းတွေ အတင်းအဖျင်းတွေနဲ့ အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . . ဆေးရုံရဲ့ . . သွေးခုန်သံတွေမှာတော့ . . . မင်းတို့အကျဉ်းသားတွေဟာ ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . . မတ္တရာက . . လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား” မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ် (၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့ နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား” ထောင်ဝက်တကောင်သေရင် . . . စာရွက် (၃)ရွက် ကုန်တယ် . . မင်းတို့အကျဉ်းသား တယောက်သေရင် စာရွက်တရွက်ဘဲကုန်မတဲ့ . . ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား ဒီ . . ငရဲကောင်တွေရဲ့ . စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . . ဘော်ဒါတေဝါးမယ်ဟေ့ . . . ရေချိုးတန်းစီမယ်ဟေ့ . . . အော်သံစူးစူးရဲ့ လက်များက ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။ အရောင်လွင့်နေတဲ့ သူတို့ဘဝလိုမျိုး . . . မျက်နှာတွေ . . မျက်နှာတွေ . . မှိန်ဖျော့ ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ ခြေချော်ကျ မျက်လုံးတွေမှာ . . ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . . အသက်ရှူနေတဲ့ . . လူသေကောင်တွေစီတန်း လှည့်လာကြ . . . တချို့ဝတ်လစ်စားလစ် တချို့အောက်ပိုင်း ဗလာ . . ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ် ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ် အီသီယိုပီးယားမဟုတ် မဟုတ် . . မဟုတ် . . မဟုတ် . . ဖဲထီးသံကိုင်းနံရိုးတွေ ပုလွေရိုးပေါင်တံတွေ ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို လောကဓံ ပြင်းပြင်းစိမ်ထားတဲ့ အရေပြားတွေနဲ့ထုပ်ပိုး . . သူတို့ဘဝလိုချိုငဲ့တဲ့ . . ထမင်း တပုံစံ စားဘို့ . . . သူတို့ဘဝလို ညစ်ထေးတဲ့ ရေ . . တပုံစံ ချိုးဘို့ ပါးလှပ်လှပ် စက္ကူလူတွေ အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး တရွေ့ရွေ့ လှမ်းထွက်လာကြ ဒါ . . ကဘော်မှာ ကြိမ်ခရန်ခမှာ . . နမ့်ဆန်မှာ . . တောင်လေးလုံးမှာ . . ထုံးဘိုမှာ . . ရာဇဂြိုဟ်မှာ . . ဘဝသစ်စခန်းမှာ . . ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ ငတ်မွတ်မှုက တတိတိ တိုက်စား ကျောက်တုံးတွေက တအိအိဖိပြား ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့ နွားတစ်ကောင်အဖြစ် ထွန်ယက်ရင်း . . ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . . ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . . ဝါး တလုံး . . နှီးသုံးချက်ချည် အလောင်းတလောင်းအဖြစ် လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့ မသေလို့ကျန်ခဲ့သူတွေ . . . ဒါမှမဟုတ် . . သေဘို့ကျန်ခဲ့သူတွေ ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် . . .။ ကပ္ပိလဝတ် နန်းဆောင်လယ် လရောင်ပြက် . . ည . .မှိုင်ငေး . . တွေးမော သူအိုသူနာတွေ့ခဲ့သူ . . မင်းသားသိဒ္ဓတ္ထ ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . . ဒီမင်းသား . . ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . . ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။ (၃) စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက် ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက် ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . . သူတို့ “ပုံစံ” ထက်များတဲ့ အသားတုံးတွေကို အာသာငမ်းငမ်းလှမ်းမျှော် လူတန်းကြီးရဲ့ . . . ဗို့အားကျ မျက်နှာတွေမှာ . . အရောင် နဲနဲ . . လက်လာ . . . ငရဲသားတွေကတော့ ပုခုံးပေါ် သတ္တုကြယ်တွေထိုးချိတ် တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ သေလူလည်ချောင်းထဲက နို့ပေါင်မုန်ု့ကြက်ဥတွေကို လုယက်နှိုက်စားလိုက်ကြနဲ့ “ကောင်းဗျား” ဂီတသံစဉ်ကို မြိန်မြိန်ယှက်ယှက် စင်တင်နေတယ် (၄) တူတူတူတူ . . တူတူတူတူ . . . တတူတူနဲ့ ကြေကြေကွဲကွဲ ညည်းရှိုက် ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့ တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း မတ္တရာ ရထား ဖြတ်ခုတ်သွား ဒါ . . ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့ အနားသတ် ငရဲမျဉ်းပေါ့ . . ဆေးရုံကတော့ ဒီလူနာတွေရဲ့ ဘဝကို တစက်စက်လောင်းငှဲ့ တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း အကြွင်းအကျန်တွေကို စားဖိုမီးနဲ့ လောင်ကျွမ်းပစ် ဝိညာဉ်တွေကိုတော့ စားဖိုမီးခိုးခေါင်းတိုင်ကနေ အန်ထုတ်ပစ်လိုက်ပါတော့တယ် (၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅) တာကောဒီ | (၁)
Saturday, September 25, 2010
ဆေးရုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment