နောက်တခုကတော့ ကျမဘ၀မှာ တခါမှ မကြားဘူးတဲ့ အဖြစ်အပျက်တခုပါ ပဲ။ ပဂိုး (ပဲခူး) မြို့မှာနေတဲ့ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မလှဝေ ဆိုတဲ့ အမျိုးသမီးတဦး ပါ။ သူက ဘာလုပ်သလဲဆိုတော့ သူရဲ့ခင်ပွန်းက သေဆုံးသွားပြီး သုံးနှစ် သမီးတယောက်နဲ့ ခုနှစ် (၇) နှစ်အရွယ် သားလေးတယောက် ကျန်ခဲ့ပါတယ်။ သူ့ကို အမျိုးသားတယောက်က လက်ထပ်ဖို့ခွင့် တောင်းပါတယ် တဲ့။ ဒါပေမယ့် အဲဒီအမျိုးသားက သူ့ကိုတော့ ယူချင်တယ်။ ဒီ ကလေးနှစ်ယောက်ကိုတော့ လက်မခံဘူးလို့ ပြောပါတယ်။ ဒါနဲ့ ဒီ အမျိုးသမီးက ဘာလုပ်သလဲဆိုတော့ ကလေးနှစ်ယောက်ကို ပဂိုးမြစ်ကမ်းခေါ် သွားပြီး လှေပေါ်တင် ကာ ရေလယ်ကို ထွက်ခဲ့ပါတယ်။ ရေလယ်ခေါင်ရောက်တော့ လှေကို မှောက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် ကလေးတွေက ကံကောင်းရှာပါတယ်။ သူ လှေနဲ့ထွက်သွားတာကိုကြည့်နေတဲ့ ထင်းဆယ်တဲ့သူတွေက စိတ်ပူပြီး လှေနဲ့ လိုက်လာကြတာဆိုတော့ လှေမှောက်မှောက်ချင်းပဲ ဆယ်လိုက်နိုင်ပါတယ်။
ကလေးနှစ်ယောက် မသေတော့ပဲ သူက ထောင်ထဲကို ခုနှစ် (၇) နှစ် ထောင်ချခံရပြီး ရောက်လာတာပါ။ ကျမတော့ မိခင်မေတ္တာ ခေါင်းပါးလွန်းတဲ့ သူ့ကို အံ့သြမိပါတယ်။ ကျမတို့ထောင်ထဲမှာ နောက်တခု ရှိသေးတယ်။ ရီစရာလဲ ကောင်း၊ စိတ်ညစ်စရာလဲ ကောင်းလှပါတယ်။ ဘာလဲဆိုတော့ ထောင်ထဲကို အသစ်ရောက်လာတဲ့ ထောင်ကျ (အကျသစ်) ကို ကျမတို့အားလုံးက (New York) နယူးရောက် လို့ ခေါ်ပါ တယ်။ အဲဒီနေ့က နယူးရောက်လေးတွေ ရောက်လာလို့ ညနေ ရုံးထွက်သွားတဲ့ ကား ပြန်လာ ရင် ထောင်ကျနေပြီး အမှုရှိလို့ ရုံးထွက်သွားတဲ့သူတွေနဲ့အတူ ထောင်ကျအသစ်တွေလဲ ပါလာတတ်ပါတယ်။ အဲဒီမှာ ဆံပင်အတိုနဲ့ ရှပ်အင်္ကျီ ၀တ်ထားတဲ့ ယောက်ျားရှာမလေးများ ပါလာရင်တော့ ထောင်ထဲမှာ ဆူညံသွားပါတော့တယ်။ အဆိုးဆုံးက မိလုံး၊ ဌေးဌေးဝင်းနဲ့ ထောင်ကျမိန်းကလေး တချို့ ပါ။ သူတို့က အပြိုင်အဆိုင် သွားခေါ်ကြပါတော့တယ်။ ထောင်ကျရုံးခန်းမှာ မှတ်ပုံတင်တာ စောင့်ပြီးတာနဲ့ မိတ်ဆွေဖွဲ့ပြီး ကြိုဆိုကြတာပါ။ အဲဒီယောက်ျားရှာ ကလေးမတွေက လုံးဝ အဆင်ပြေသွားပါပြီ။ မလွတ်မချင်း စားဝတ်နေရေး အလွန် အဆင်ပြေပါတယ်။ ဒါကြောင့် တချို့ခတ်လယ်လယ် ခဏခဏလဲ ထောင်ကျဘူးမယ်ဆိုရင် တမင်လုပ်လာတဲ့သူတွေလဲ ရှိပါတယ်။ တခါတလေ အပြိုင်အဆိုင် လုယက်ခေါ်ကြရင်း ရန်ဖြစ်ကြတာတွေလဲ ရှိပါတယ်။ သူတို့ကိုလည်း အပြစ်မတင်ပါဘူးလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ထဲ ရောက်နေကြတော့ စိတ်ပြေလက်ပျောက် ပျော်စရာလေးတွေ ရှာကြတာပေါ့။ ထမင်းပုန်းထမ်းတဲ့ ယောက်ျားလေးတွေကလဲ ထမင်းပုန်းထဲမှာ ပလပ်စတစ်အိတ်နဲ့ထုတ်ပြီး ရည်းစားစာ ထဲ့ပေးကြ၊ ဒီဖက်ကလဲ ပြန်ပေးနဲ့ ဒီလိုဘဲ ပျော်စရာလေးတွေ လုပ်နေကြရရှာပါတယ်။ နှစ်ကြီးတွေ ကျနေကြတာမဟုတ်လား ရသေ့စိတ်ဖြေ ပေါ့။ မိလ္လာထမ်းတဲ့ ကလေးတွေကလဲ တမျိုး ရီစရာ ကောင်းပါတယ်။ မိလ္လာအိုးတွေက ရာဝင်စဥ့်အိုးကြီးတွေ ပါ။ ၈ ဆောင်အပေါ်ထပ်အတွက် တလုံး၊ အောက်ထပ် တလုံး၊ ၇ ဆောင် တလုံး ပါ။ ညနေဆိုရင် လာ ပို့ပါတယ်။ ထောင်ဖွင့်ချိန်ကျရင် လာပြီး အညစ်အကြေး စွန့်ဖို့ ပြန်သယ်သွားပါတယ်။ နေ့ခင်းမှာ အိုးတွေကို အနံ့အသက် ပျောက်အောင် နေပူ လှမ်းပြီး ပြန် ပို့တာပါ။ အဲဒီအိုး ကျကွဲရင်၊ ကြာလို့ အက်ပြီးကွဲသွားရင် အကျဉ်းသားတွေ ဆီ က ငွေတောင်း ခံပြီး ပြန် ၀ယ်ပါတယ်။ တော်တော်ပဲ အကုန်အကျများမှာ အကျဉ်းဦးစီးဌာန စိုးရိမ်ပုံရပါတယ်။


